အခြေခံပညာကျောင်းများတွင် ကွန်ပျူတာနှင့် စိုက်ပျိုးရေး ဘာသာရပ်များကို ယခုပညာသင်နှစ်မှစတင်ကာ တွဲဖက်သင်ရိုးဝင်ဘာသာရပ်များအဖြစ် ထပ်မံ ဖြည့်စွက်သင်ကြားရန် ပြဋ္ဌာန်းထားကြောင်း အခြေခံပညာ အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။
အဆိုပါ တွဲဖက်သင်ရိုးဝင် ဘာသာရပ်များကို ယခုနှစ် ပညာသင်နှစ်မှစတင်၍ အခြေခံပညာ အလယ်တန်းအဆင့် ပဉ္စမတန်းမှ အဋ္ဌမတန်းအထိ ကျောင်းသားကျောင်းသူများအား သင်ကြားပေးသွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။
''ဆရာမတို့ကျောင်းမှာတော့ ကွန်ပျူတာဘာသာရပ် စသင်နေပါပြီ။ အခုသင်တာကတော့ တွဲဖက်သင်ရိုးတစ်ခု အနေနဲ့ပါ။ အရင်ကလို multimedia အတွက် သင်တာမဟုတ်ဘဲ တွဲဖက် သင်ရိုးတစ်ခုအနေနဲ့ကို သင်ရတာပါ''ဟု တာမွေမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ တာဝန်ရှိ ဆရာမတစ်ဦးက ပြောပြခဲ့ပါသည်။ တွဲဖက်သင်ရိုးဝင် ဘာသာရပ်များ သင်ကြားရာတွင် ကျောင်းအချို့တွင် သင်ထောက်ကူပစ္စည်း လုံလောက်မှုမရှိသည့်အတွက် လက်တွေ့သင်ကြားမှု ထက်စာတွေ့ကိုသာ အလေးပေး သင် ကြားနေရမှုများ ရှိနေကြောင်း သိရှိရပါသည်။
''ကျောင်းမှာက ကွန်ပျူတာဆိုရင် စာတွေ့ကိုပဲ ဦးစားပေးသင်နိုင်သေးတယ် စက်နဲ့လက်တွေ့သင်ဖို့ကကျတော့ စက်အရေအတွက်နဲ့ ကျောင်းသားဦးရေမမျှတော့ လက်တွေ့ကိုတော့ ကျောင်းသားတွေကို အဖွဲ့ခွဲပြီး သင်နေရတယ်'' ၎င်းက ဆက်လက်ပြောပြခဲ့ပါသည်။
''အခြေခံပညာကဏ္ဍမှာ တွဲဖက်သင်ရိုးဝင် ဘာသာရပ်တွေ ထပ်ဖြည့်ပြီး ပြဋ္ဌာန်းတာကောင်းပေမယ့် အဲဒီဘာသာရပ်တွေကို စနစ်တကျသင်ကြားပေးနိုင်ရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် စာသင်နှစ်တစ်နှစ်တာအတွက် ဒီတွဲဖက်သင်ရိုးတွေကို ထိထိ ရောက်ရောက် သင်ကြားနိုင်ဖို့ကတော့ စာသင်ချိန်နဲ့တင် မလုံလောက်ပါဘူး''ဟု အခြေခံပညာအဆင့် အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦးက သုံးသပ်ပြောပြခဲ့ပါသည်။
လက်ရှိမြန်မာနိုင်ငံ၌ တွဲဖက်သင်ရိုးဝင် ဘာသာရပ်များအဖြစ် မူလတန်းအဆင့်တွင် ကာယပညာ၊ ရသပညာနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်မှုတို့ကိုလည်းကောင်း၊ အလယ်တန်းအဆင့်တွင် စာရိတ္တနှင့် လောကနီတိ၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ ၊ကာယပညာ၊ အိမ်တွင်းမှု၊ ရသပညာ၊ ကျောင်းလုပ်ငန်းဆောင်ရွက်မှုနှင့် သက်မွေးပညာတို့ကိုလည်းကောင်း ပြဋ္ဌာန်းထားသော်လည်း ဘာသာရပ်များသင်ကြားရာတွင် အချိန်လုံလောက်မှု မရှိသည့်အတွက် အဆိုပါတွဲဖက်သင်ရိုးဝင် ဘာသာရပ်များ သင်ကြားရန် အားနည်းနေကြောင်း သိရှိရပါသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်