ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်
စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)
၂၀၁၃ ပြက္ခဒိန်
3
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....
Wednesday, June 20, 2012
5122
၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက် နေ့က ကွယ်လွန်သွားခဲ့သော ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း၏ ဈာပန အခမ်းအနားကို ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်၌ ပြုလုပ်ခဲ့ပါသည်။
ဆရာ လူထုစိန်ဝင်းသည် ကွယ်လွန်ချိန်၌ အသက် ၇၂ နှစ်ရှိပြီဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးရုံကြီးသို့ ကျန်းမာရေးအခြေအနေကြောင့် တက်ရောက်ကုသမှုခံယူ ပြီး ယင်းနေ့ ည ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် ကွယ်လွန်ခဲ့သည်။
ဝါရင့်သတင်းစာဆရာကြီး၏ ဈာပနအခမ်းအနားသို့ သတင်းမီဒီယာ နယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ စာပေအနုပညာ နယ်ပယ် စသည့်နယ်ပယ် အသီးသီးမှ လိုက်ပါပို့ဆောင်ခဲ့ကြပြီး ပြင်ပမှ လေးစားကြည်ညိုသူ စာဖတ် ပရိသတ် လူငယ်လူလတ်ပိုင်းအချို့လည်း လာရောက်ခဲ့ကာ လိုက်ပါ ပို့ဆောင်သူများဖြင့် စည်ကားခဲ့သည်။
ရေဝေးသုသာန်တွင် ဆရာလူထုစိန်ဝင်း၏ ရုပ်အလောင်းထားရှိရာ နေရာ၌ ‘မြန်မာပြည်အတွက် အဖိုးတန်သော သတင်းစာသမားကောင်းတစ်ယောက်၊ တိုင်းပြည်အတွက် အမှန်ကို ကြည့်တဲ့သူတစ်ယောက်၊ တိုင်းပြည် ကို အကျိုးပြုတဲ့သူတစ်ယောက် ဆုံးရှုံးသွားရတာ အလွန်နှမြောဖို့ကောင်းပါ တယ်’ဟူသော ဆရာဒဂုန်တာရာ၏ ၀မ်းနည်းစကားကို ချိတ်ဆွဲထားပြီး ယင်းရှေ့တွင် ဆရာလူထုစိန်ဝင်း၏ ပုံရိပ်နှင့်အတူ ကျန်ရစ်သူမိသားစု၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ စာပေအနုပညာ အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ စသည်တို့မှ ပေးပို့သော ၀မ်းနည်းခြင်း အထိမ်းအမှတ်ပန်းခြင်းများ၊ လွမ်းသူ့ပန်းခွေများအား ခင်းကျင်းထားသည်ကို တွေ့ရှိရသည်။
ရုပ်အလောင်းအား ပြင်ဆင်ထား ရှိရာ နေရာတစ်ဝိုက်တွင် နောက်ဆုံး အနေဖြင့် ဂါရ၀ပြုကန်တော့ နှုတ်ဆက်သူများနှင့် ပြည့်နှက်နေခဲ့သည်။
ဆရာ လူထုစိန်ဝင်း၏ ရုပ်အလောင်းအား မီးသင်္ဂြိုဟ်ခြင်း မပြုလုပ်မီတွင် ဈာပနအခမ်းအနား တက်ရောက်လာသူများသည် ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် တစ်မိနစ်ငြိမ်သက်ခဲ့ကြကာ ဦးဝင်းတင်(ဟံသာဝတီ)နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ကလည်း ၀မ်းနည်းစကား ပြောကြားခဲ့ကြသည်။
ထို့နောက် မိသားစုဝင်များ၊ တပည့်များက ဂါရ၀ပြုကန်တော့ကြပြီး နောက် ဆရာလူထုစိန်ဝင်း၏ ရုပ်အလောင်းအား မီးသင်္ဂြိုလ်ခဲ့သည်။ ဆရာလူထုစိန်ဝင်း၏ ဈာပနအား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဆရာလူထုစိန်ဝင်းကို ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး မန္တလေး လဖုန်းအထိမ်းအမှတ် အထက်တန်းကျောင်း(Lafon Memorial High School) ၊ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်များတွင် ပညာဆည်းပူးခဲ့သည်။ ထို့နောက်၁၉၆၄ ခုနှစ်တွင် လူထုသတင်းစာ၌ ဂျာနယ်လစ်တစ်ဦး အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် လူထုသတင်းစာ ပိတ်သိမ်း ခြင်းခံရကာ ဆရာလူထုစိန်ဝင်းနှင့် အယ်ဒီတာ ငါးဦး ဖမ်းဆီးခံခဲ့ရသည်။ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရပြီး နိုင်ငံရေး အကျဉ်းသားများသာ ထားရှိသော ကိုကိုးကျွန်းသို့ ပို့ဆောင်ခံခဲ့ရကာ ၁၉၇၁ ခုနှစ်တွင် အင်းစိန်ထောင်သို့ ပြန်လည်ပြောင်းရွှေ့ခံခဲ့ရသည်။ ၁၉၇၆ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပြီး မကြာမီ မှာပင် နောက်တစ်ကြိမ် ထောင်ဒဏ် လေးနှစ်ကျခံခဲ့ရပြန်သည်။ အင်းစိန် အကျဉ်းထောင်တွင် သုံးနှစ်ကြာ သီးခြားထားရှိခြင်း ခံခဲ့ရပြီးနောက် လေဖြတ်ရောဂါခံစားရပြီး ၁၉၈၀ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။ ပြန်လည်လွတ်မြောက်ချိန်တွင် လေဖြတ်ပြီး ညာဘက်ကိုယ်တစ်ခြမ်း သေသွားရာမှ ဘယ်လက်ဖြင့် စာရေးကျင့်ပြီး စာပေများကို ဆက်လက်ရေးသားခဲ့သည်။ နေအိမ်၌ပင် အင်္ဂလိပ် စကားပြော သင်တန်းဖွင့်လှစ်ခဲ့ပြီး စာပေရေးသားခြင်းနှင့် စာသင်ကြားခြင်းတို့ကို တွဲဖက်လုပ်ဆောင်ခဲ့သည်။ မကွယ်လွန်မီအချိန်ထိ ကလောင်ခွဲ ၁၅ ခုဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ အထင်ရှားဆုံးကလောင် ခွဲတစ်ခုမှာ ၀င်းဇော်ဖြစ်ပါသည်။
၁၉၆၄ တွင် စောမိုခမ်း ပင်ကိုရေးအချစ်ဝတ္ထု၊ တောင်ဗီယက်နမ်မှ ငရဲခန်းများ စာအုပ်တို့ကို ဘာသာပြန်ဆို ထုတ်ဝေခဲ့သည်။ ၁၉၆၅ တွင် ‘အလံမလှဲစတမ်း’ ဘာသာပြန်စာအုပ်ကို ၀င်းဇော်ကလောင်ဖြင့် ပထမဆုံး အကြိမ်ထုတ်ဝေခဲ့ပြီး ထိုစာအုပ်သည် ဆရာလူထုစိန်ဝင်း၏ အထင်ရှားဆုံး စာအုပ်ဖြစ်ခဲ့ပါသည်။ ၁၉၆၆ တွင်  ‘အဖြူနဲ့အ၀ါ’ ဘာသာပြန်စာအုပ်၊ ၁၉၉၈ ၌ ‘ရှက်စိတ်’ ဆောင်းပါးပေါင်းချုပ်၊ ၁၉၉၉ နောက်ပိုင်း၌ ‘မော်ဒန် လက်ဖက်ရည် ပန်းကန်ထဲမှ မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ၊ လူငယ်နဲ့အချစ်၊ အရှက်နဲ့တန်ဖိုး၊ စာနယ်ဇင်း အရေးအသားပုံစံသစ်’ စသော စာအုပ်များ ထွက်ရှိခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် ‘သတင်းပညာ သောင်းပြောင်းထွေလာ’ စာအုပ်ထွက်ရှိခဲ့ပါသည်။
ဆရာလူထုစိန်ဝင်းသည် မျက်မှောက်ခေတ် မြန်မာစာပေလောက၌ စာအရေးနိုင်ဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားသူဖြစ်သည်။ မြန်မာ့နိုင်ငံရေး နှင့် ပတ်သက်၍ သာမက လူမှုရေးနယ်ပယ်တွင်ပါ မှားယွင်းလွဲချော်နေသည့် အချက်များကို စာနယ်ဇင်းကျင့်ဝတ် နှင့်အညီ အမှန်တရားဘက်မှ ရပ်တည် ၍ အစဉ်တစိုက်ရေးသားခဲ့သူ ဖြစ်ပါသည်။
5122a
0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်
Related Posts Plugin for WordPress, Blogger...
ukok44@gmail.com