
ရာသီဥတုက မိုးရာသီကို စတင်ချဉ်းနင်း ၀င်ရောက်လာပါပြီ။ စိမ်းစိမ်းစိုစို ပတ်ဝန်းကျင်နဲ့ အုံ့ပျပျ ရာသီဥတု။ အခုလို အချိန်အခါသမယလေးမှာ မိုးရာသီနဲ့လိုက်ဖက်ခံစား လို့ရမယ့် အဆွေးသီချင်း အေးအေး ချိုချိုလေးတွေကလည်း တန်ဖိုးရှိလာတယ်လို့ ထင်ပါတယ်။
‘ငါလေ နင့်ကိုချစ်တုန်းပဲ။ ရင်မှာ ဟိုးအရင်က အတိုင်းပဲ။ နင်ယူသွားတဲ့ ငါ့ရဲ့နှလုံးသားနေရာ ကွက် လပ်ဖြစ်နေဆဲ’ ဆိုတဲ့ အဆွေးသီချင်း သံဟာအခုတလော ဟိုကဒီက ကြားနေရပါတယ်။ ‘‘လူတိုင်း ရည်းစားထားဖူးမှာပဲလေ။ အဲဒီတော့ ရည်းစားဟောင်းခံစားမှုလည်း ရှိကြမှာပဲလေ။ အဲဒီအတွက် ဒီသီချင်းကို လူငယ်ပိုင်း၊ လူလတ်ပိုင်း ပရိသတ်တွေ ကြိုက်ကြတာဖြစ်မှာပါ’’ လို့ သီဆိုသူက မှတ်ချက်ပြုထားတဲ့ ‘ချစ်နေတုန်းပဲ’သီချင်းကို ဒီတစ်ပတ်အောင်မြင်သော တေးသီချင်းများ၏ နောက်ကွယ်က ကဏ္ဍမှာ ဖော်ပြပေးဖို့အတွက် ရွေးချယ်ထားပါတယ်။ ‘ချစ်နေတုန်းပဲ’ သီချင်းဟာ စန္ဒီမြင့်လွင်ရဲ့ လတ်တလော ထွက်ရှိထားတဲ့ ‘ရှော့’ တေးစီးရီးထဲမှာ တေးရေး ဘန်နီဖြိုး ရေးစပ်ထားပြီး စန္ဒီမြင့်လွင် သီဆိုထားတာ ဖြစ်ပါတယ်။
စန္ဒီမြင့်လွင်ရဲ့ ပထမဦးဆုံး တစ်ကိုယ်တော် တေးစီးရီး ‘ဆေးရောင်လှလှ ခြယ်ရအောင်’ အခွေမှာလည်း ‘ခေါက်ပစ်လိုက်’သီချင်းဟာ ပရိသတ်အားပေးတဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့သလို အခုအချိန်မှာလည်း ‘ချစ်နေတုန်းပဲ’ သီချင်းဟာ ပရိသတ်ကြားထဲကို ပျံ့နှံ့လို့လာပြီ ဖြစ်ပါတယ်။
‘‘ဒီသီချင်းလေးက ကိုယ်ချစ်ခဲ့ဖူးတဲ့ ရည်းစားဟောင်းကို ညွှန်းဆိုထားတဲ့ သီချင်းတစ်ပုဒ်ပေါ့နော်။ ဒီသီချင်းလေးကို ဘိုဘိုအင်တာတိန့်မန့်က ကိုဘိုဆန်းလာပြကတည်းက ကြိုက်သွားတယ်။ လူတိုင်းရည်းစား ထားဖူးမှာပဲလေ။ အဲဒီတော့ရည်းစားဟောင်းခံစားမှုလည်း ရှိကြမှာပဲလေ။ ဒီးဒီရဲ့ အသံကာလာပုံစံနဲ့လည်း လိုက်တယ်လို့ထင်တယ်။ နောက်ပြီး လူငယ်၊ လူလတ်ပိုင်း ပရိသတ်ကို ဦးတည်ထားတဲ့ သီချင်းလည်း ဖြစ်တာကြောင့် ပရိသတ်အများစုခံစားလို့ရမယ့် သီချင်းလို့ထင်တယ်။ လက်ရှိမှာတော့ ဒီသီချင်းလေး တော်တော်သွားတယ်လို့ ပြန်ကြားနေရတယ်’’ လို့ တေးဆိုစန္ဒီမြင့်လွင်က ပြောပြခဲ့ပါတယ်။
‘‘အမှတ်တရအနေနဲ့ကတော့ ဒီသီချင်းလေးကို အခွေမထွက်ခင် အသံသွင်းပြီးကတည်းက သူငယ်ချင်း တွေကိုဖွင့်ပြတဲ့အခါ ‘ချစ်နေတုန်းပဲ’ သီချင်းဟာ ပေါက်သီချင်း၊ ပရိသတ်ကြိုက်တဲ့ သီချင်းဖြစ်မှာပဲလို့ သူငယ်ချင်းတွေက ပြောကြတယ်။ ဒီ ‘ချစ်နေတုန်းပဲ’ သီချင်းဟာ Band နဲ့တီးထား တဲ့ပထမဦးဆုံး သီချင်းပါ။ နိုင်ငံခြားမှာနေတဲ့ သူငယ်ချင်းတွေက ဒီသီချင်းကို နားထောင်တဲ့အခါ ဒီးဒီဆိုတာလို့ လုံးဝမသိကြဘူး။ ဆိုနေကြပုံစံမဟုတ်လို့လည်း ပါတာပေါ့။ ဒါပေမယ့် ပရိသတ်က ဒီးဒီကို ခပ်အေးအေး သီချင်းတွေလည်း အားပေးကြ တဲ့အတွက် အေးတာရော၊ မြူးတာရောမျှပြီးအခွေမှာ ထည့်ဖြစ်ခဲ့တာပါ’’ လို့ စန္ဒီမြင့်လွင် က ပြောပြခဲ့ပါ တယ်။
‘ချစ်နေတုန်းပဲ’ သီချင်းကို Lazy Club Band က တီးခတ်ပေးထားတာဖြစ်ပြီး စီဒီ ထွက်ရှိထားပြီး ဖြစ်တဲ့ ‘ရှော့’ ဗီစီဒီခွေအတွက် အခု ဇွန်လအတွင်းမှာ ရိုက်ကူးရေးတွေ စတင်တော့မှာဖြစ်တဲ့ အကြောင်း သတင်းပေးရင်း အခုတစ်ပတ်ရဲ့အောင်မြင်တဲ့ တေးသီချင်းနောက်ကွယ် ကဏ္ဍကို အဆုံးသတ်လိုက်ပါတယ်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်