ဒီမိုကရေစီခေတ်တွင် ပြည်သူ့ဆန္ဒ ဖော်ထုတ်သည်ဟုဆိုကာ လမ်းမပေါ် လူအုပ်နှင့်ထွက် အစုအဝေးနှင့် သွေးထိုးမှုပါလာသည့်အခါ၌ ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံမှု ထိခိုက်သည်အထိ ပြောင်းလဲ သွားတတ်သည့်ဖြစ်စဉ်ကို အစိုးရ၊ လွှတ်တော်၊ ပြည်သူများအားလုံးနှင့် စတုတ္ထမဏ္ဍိုင် ပူးပေါင်းပြီး ကာကွယ်ရမည်ဖြစ်ကြောင်း ဇွန်လ ၁၉ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပြောကြားခြင်း အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''ဒီကနေ့ နိုင်ငံတော် အစိုးရအနေနဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုရဲ့ သဘောထား (Public Opinion) တွေကို ဆွေးနွေးရယူခြင်း နည်းလမ်းနဲ့ အပြန်အလှန် ယုံကြည်လေးစားမှုဖြင့် ပြည်သူလူထုတစ်ရပ်လုံး ညီညွတ်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများဟာ အရှိန်အဟုန်နဲ့ လျင်မြန်စွာ ပြောင်းလဲတိုးတက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကျင့်စဉ်မျိုးကို တစ်ဆင့်ပြီး တစ်ဆင့် အေးချမ်းတည်ငြိမ်စွာနဲ့ အသွင်ကူးပြောင်းနေတဲ့အချိန်မှာ ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒ ဖော်ထုတ်တယ်ဆိုပြီး လမ်းမပေါ်လူအုပ်နဲ့ထွက် အစုအဝေးနဲ့ သွေးထိုးမှုပါလာတဲ့အခါ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပြည်သူအများစုရဲ့ အသက်အိုးအိမ် လုံခြုံမှု ထိခိုက်တဲ့ဖြစ်စဉ်အထိ ရုတ်ချည်း ပြောင်းလဲသွားတတ်တဲ့ဖြစ်စဉ်နဲ့ သဘောသဘာဝကို ရင့်ကျက်ယဉ်ကျေးသော၊ တိုင်းပြည် တိုးတက်အောင် ညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်နိုင်သော၊ ကမ္ဘာ့အလယ်မှာ သားစဉ်မြေးဆက် ရပ်တည်နိုင်အောင် စွမ်းဆောင်ရည်ရှိသော လူမျိုးများအဖြစ် အစိုးရ၊ လွှတ်တော်၊ ပြည်သူအားလုံးနဲ့ စတုတ္ထမဏ္ဍိုင်တို့ ပူးပေါင်းပြီး ညီညီညွတ်ညွတ် ခိုင်ခိုင်မာမာ လက်တွဲကာကွယ် စောင့်ရှောက်ရမှာဖြစ်ပါတယ်''ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက ''တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဆွေးနွေးပွဲများ ကျင်းပရေးနဲ့ စပ်လျဉ်းပြီး အထူး ပြောကြားလိုတာတစ်ခု ရှိပါတယ်။ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်းဟာ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးရော၊ နယ်မြေအလိုက် ဖွံ့ဖြိုးရေးအတွက်ပါ များစွာ အရေးပါပါတယ်။ ပြည်သူလူထုရဲ့ အခက်အခဲများကို ဒေသဆွေးနွေးပွဲများ၌ ဖော်ထုတ် ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြေရှင်းနိုင်သည်များကို ချက်ချင်း ဖြေရှင်းပေးခြင်းဖြင့် ယနေ့ လမ်းမပေါ်ထွက်၍ ဆန္ဒပြရန်မလိုဘဲ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ ဖြေရှင်းဆောင်ရွက် ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်