Wednesday, May 30, 2012

အလုပ်သမားများ ဆန္ဒထုတ်ဖော်နေသည့် လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံများသို့ ကိုမင်းကိုနိုင် ဒုတိယအကြိမ်မြောက် သွားရောက်


ကိုမင်းကိုနိုင်မှ အလုပ်သမားများအား လာရောက်တွေ့ဆုံစဉ်
လှိုင်သာယာစက်မှုဇုန်အလုပ် သမားဆန္ဒထုတ်ဖော်နေသည့် စက်ရုံများသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဒုတိယအကြိမ် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုမင်းကိုနိုင်သည် မေလ ၂၁ ရက်နေ့တွင် Hi Mo ဆံပင်တုစက်ရုံ၊ ပုလဲ၊ စပယ်ပွင့်၊ YJ နှင့် နေမင်းအောင် အထည်ချုပ်စက်ရုံများသို့ သွားရောက်ပြီး ဆန္ဒထုတ်ဖော် စက်ရုံအလုပ်သမားများအား အကြမ်းဖက်မှုများ မပြုလုပ်ဘဲ ငြိမ်းအေးစွာဖြင့် မိမိတို့ဆန္ဒကို တောင်းဆိုရန်၊ အချင်းချင်း ညီညွတ်ကြရန်၊ စည်းကမ်းရှိရှိ သစ္စာရှိရှိဖြင့် ငြိမ်းအေးစွာ ဆန္ဒထုတ်ဖော်တောင်းဆိုကြရန် ပြောကြားကြောင်း သိရသည်။
ဒုတိယအကြိမ် သွားရောက်သည့် မေလ ၃၀ ရက်နေ့တွင် အလုပ်သမားများ ကြုံတွေ့နေရသည့် အခြေအနေများအား မေးမြန်းကာ အလုပ်သမားနည်း ဥပဒေများနှင့်ပတ်သက်၍ လည်းကောင်း၊ အလုပ်သမားများ ဆက်လက်လုပ်ဆောင်သင့်သည့် အချက်များနှင့်လည်းကောင်း အားပေးစကား ပြောကြားခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့်လည်း ဆန္ဒထုတ်ဖော် အလုပ်သမားများအား တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
မေလ ၃၀ ရက်နေ့တွင် Hi Mo  ဆံပင်တုစက်ရုံ၊ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ၊ စန္ဒီနှင့် မြန်မာစန္ဒီ အထည်ချုပ်စက်ရုံများသို့ သွားရောက်ခဲ့ပြီး လိုအပ်ပါက အခြားစက်မှုဇုန်ရှိ ဆန္ဒထုတ်ဖော်စက်ရုံများသို့လည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်