အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ မှတ်ပုံတင်၍ နောင်လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဟု နိုဝင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေးတို့နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် နံနက် ၁၀ နာရီက စတင်ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ ဗဟိုဦးစီးအဖွဲ့ဝင်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင် ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေးတို့နှင့် စပ်လျဉ်း၍ ၎င်းတို့၏ သဘောထားများကို ပြောဆိုခဲ့ကြရာတွင် ကချင်ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင်က မှတ်ပုံတင်ရေး ကြိုဆိုထောက်ခံကြောင်း၊ ကရင် ပြည်နယ်ဗဟိုဦးစီးအဖွဲ့ဝင်က အများ သဘောအတိုင်း လက်ခံမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင်က မှတ်ပုံတင်ရေးထောက်ခံကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဗဟိုဦးစီးအဖွဲ့ဝင်က မှတ်ပုံတင်ရေး နှင့် ရွေးကောက်ပွဲဝင်ရေး ထောက်ခံကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဗဟိုဦးစီးအဖွဲ့ဝင်က မှတ်ပုံတင်သင့်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးဗဟို ဦးစီးအဖွဲ့ဝင်က မှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး ထောက်ခံကြောင်း၊ မကွေးတိုင်းဒေသကြီး ဗဟိုဦးစီးအဖွဲ့ဝင်က မှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး ထောက်ခံကြောင်း၊ မွန်ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင်က မှတ်ပုံတင်ရေး သဘောတူကြောင်း၊ မန္တလေးတိုင်းဒေသကြီး ဗဟိုဦးစီးအဖွဲ့ဝင်က မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းမှာ အဖွဲ့ချုပ်နှင့် သဘောထားအတူ ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဗဟိုဦးစီးအဖွဲ့ဝင်က ခေါင်းဆောင်၏ ဆုံးဖြတ်ချက်ကို ထောက်ခံမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ဗဟိုဦးစီးအဖွဲ့ဝင်က ပါတီမှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး ထောက်ခံပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးဗဟိုဦးစီးအဖွဲ့ဝင်က မှတ်ပုံတင်ရေးနှင့် အကျဉ်းသားလွတ်မြောက်ရေး တစ်ပြိုင်တည်းဆောင် ရွက်သင့်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဗဟိုဦးစီးအဖွဲ့ဝင်က ပါတီမှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး ဆုံဖြတ်ကြောင်း၊ ကယားပြည်နယ်ဗဟိုဦးစီးအဖွဲ့ဝင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်ကို ယုံကြည်ကြောင်း၊ ကယားပြည်သူများက အားကိုးကြောင်းနှင့် အားတက်သရော ထောက်ခံကြောင်းတို့ကို အသီးသီးပြောကြားခဲ့ကြသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ညီနောင်ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီပါတီမှ ဦးစိုးဝင်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေးတို့ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး တစ်သားတည်းရှိနေမည်ဖြစ်ကြောင်းတို့ ကို ပြောကြားခဲ့သည်။
ထို့နောက် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့နှင့် လူငယ်လုပ်ငန်းကော်မတီတို့မှ အဖွဲ့ဝင်များကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေးတို့နှင့် စပ်လျဉ်း၍ ထောက်ခံဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ရှင်းလင်းပြော ကြားရာတွင် "ပွင့်ပွင်းလင်းလင်းပြောပါရစေ။ ကျွန်မက အမျိုးသားဒီမိုကaရစီအဖွဲ့ချုပ်ကို ပြန်ပြီးတော့ မှတ်ပုံတင်ရေးဘက်က ရပ်တည်ပါတယ်" ဟု အစည်းအဝေးသို့ တက်ရောက်လာသူများအား ပြောကြားခဲ့သည်။ ထို့ပြင် လစ်လပ်နေရာ သုံးနေရာ စတိအစား အားလုံးကို ယှဉ်ပြိုင်စေချင်ကြောင်းလည်း ပြောကြားခဲ့သည်။













0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်