ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ နှစ် ၁၀၀ ပြည့်က လာမယ့် ၂၀၁၅ မှာ ကျရောက်မှာမို့လို့ ဖခင်ဖြစ်သူရဲ့ အထ္ထုပ္ပတ္တိကို ရာပြည့်အမီ ရိုက်ကူးချင်တာ လို့ သူက ဆိုပါတယ်။
"ဒီကိစ္စကို ကျွန်မလုပ်ချင်တာကြာပြီ၊ ပုဂ္ဂိုလ်ရေးအရလည်း ကျွန်မလုပ်ချင်တယ်။ သမိုင်းအနေနဲ့ လုပ်ချင်တာလည်း ပါတယ်။ နိုင်ငံရေး အနေနဲ့ လုပ်ချင်တာလည်းပါတယ်။ ၂၀၁၅ ဆိုရင် ဖေဖေ့ရဲ့ အနှစ် ၁၀၀ ပြည့်ဖြစ်သွားပြီ။ အဲဒါကို ဦးတည်ပြီး ကျွန်မတို့အားလုံး ပူးပေါင်းပြီးလုပ်ရင် ကောင်းမလား စဉ်းစားမိတယ်"လို့ အချိန်ကာလကြာ မြင့်စွာ သူ့ရင်ထဲမှာ ရှိခဲ့တဲ့ဆန္ဒကို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ပြုလုပ်ခဲ့ရာ ရုပ်ရှင်လောကမှ ဒါရိုက်တာများ၊ မင်းသား၊ မင်းသမီးများနှင့် သရုပ်ဆောင်များ တက်ရောက်ခဲ့ ပြီး ဒီဇာတ်ကားကို ၂၀၁၅ အမီ သုံးနှစ်အတွင်း အပြီး ရိုက်ကူးနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
"ကျွန်မလုပ်ချင်တဲ့ အဆင့်မျိုးဆိုရင် သုံးနှစ်ဆိုတာ အချိန် သိပ် မရှိဘူးနော်။ တကယ်တော့ ဖေဖေ့ရဲ့ အတ္ထုပ္ပတ္တိ ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံရဲ့လွတ်လပ် ရေးသမိုင်းတစ်ခုလုံးပါပဲ။ ဒီလို မြန်မာ နိုင်ငံလွတ်လပ်ရေးသမိုင်းကို ရုပ်ရှင်ရိုက်ထားတယ်ဆိုတာ တစ်ခါ မှမရှိဘူး။ တစ်ခါမှလည်း မလုပ်ဖူးဘူး။ ဒါကို လုပ်ဖို့အချိန်တန်ပြီလို့ ကျွန်မထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းက သက်ရှိ ထင်ရှားရှိခဲ့တဲ့သူတွေ ခုသိပ်မရှိတော့ဘူး။ ဒီအချိန်က အချိန် ကောင်းပဲ လို့ စိတ်ထဲမှာပေါ်လာမိလို့ ခေါ်ဆွေးနွေးတာပါ"လို့ ရုပ်ရှင် လောကသားတွေကို သူက ပြောပါတယ်။
ဂန္ဒီဇာတ်ကားကို နမူနာထားပြီး အနုပညာအရရော၊ သမိုင်း အရပါ မှတ်တမ်းဝင်တဲ့ ဇာတ်ကားအဖြစ် ရိုက်ကူးဖို့ ဆန္ဒရှိတဲ့ အတွက် အနုပညာရှင်တွေကို ပံ့ပိုးစေချင်တယ်လို့လည်း သူက ဆိုပါတယ်။
"အာရှဘက်မှာ ပြောမယ်ဆိုရင် ရုပ်ရှင်တွေက အကြမ်းဖျင်း အားဖြင့် နှစ်မျိုးနှစ်စားရှိပါတယ်။ အနုပညာသက်သက်ကို မီးမောင်းထိုးတဲ့ ရုပ်ရှင်နဲ့အများကြိုက်ကို အားပေးတဲ့ရုပ်ရှင်။ ကျွန်မတို့နိုင်ငံကဒီနှစ်မျိုးစလုံးမှာ ကမ္ဘာကအသိအမှတ် ပြုရ လောက်အောင် မထွက်ခဲ့ သေးဘူး ထင်တယ်။ ကျွန်မက အဆင့်မြင့်မြင့် ရုပ်ရှင်တစ်ခုကို အနုပညာရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ ဖြစ်စေချင်တယ်"လို့ ဒေါ်အောင်ဆန်း စုကြည်က ဆိုပါတယ်။
ဒီဇာတ်ကားကို ရိုက်ကူးတဲ့နေရာမှာ နိုင်ငံခြားရုပ်ရှင်လောကကလည်း အကူအညီတွေရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။
"နိုင်ငံခြားကနေ အင်မတန်မှနာမည် ကြီးတဲ့ ဒါရိုက်တာတွေ၊ ရုပ်ရှင်နဲ့ ပတ်သက်သူတွေက ၀ိုင်းပြီးတော့ ကူညီပါမယ်။ သူတို့က နည်း ပညာအရလည်း ကူညီမယ်။ ပစ္စည်းပစ္စယတွေလည်း ကူညီမယ်။ ၀ိုင်းပြီးတော့လည်း အကြံပေးမယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လုပ်ကိုင်နိုင်တဲ့ အခွင့်အရေးတစ်ခုရသွားတာပေါ့။ ကျွန်မတို့ရဲ့သရုပ်ဆောင်တွေအတွက်လည်း အကျိုးရှိမယ်ထင်တယ်" လို့ သူကပြောပါတယ်။
"ဖေဖေက တကယ်တော့ ဘုန်းကြီး ကျောင်းထွက်ပဲ။ ဖေဖေရဲ့ အင်္ဂလိပ် စကားက သိပ်မကောင်းဘူး။ ရန်ကုန် တက္ကသိုလ် ရောက်တဲ့ အခါကျတော့ ဖေဖေနဲ့တစ်ဆောင်တည်း အတူနေခဲ့တဲ့ မိတ်ဆွေက ကပြား၊ အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်တယ်။ ဖေဖေ နဲ့သူနဲ့က အင်းလျားကန်စောင်းမှာ လမ်းလျှောက်ကြရင် ဖေဖေအမြဲပြောတယ်။ သူ့ကို အင်္ဂလိပ်လိုပြောပါလို့။ အင်္ဂလိပ်စကား ပြော တာကို ကျင့်ချင်လို့လို့ ပြောတယ်။ သူ အင်္ဂလိပ်စကား မတော်ဘူးဆိုတာ၊ ညံ့တယ်ဆိုတာသိတယ်။ ဒါကို ပြုပြင်ဖို့စိတ်ဓာတ်ရှိတယ်။ ပြုပြင်ဖို့ကို မရှက်ဘူး။ မိတ်ဆွေ တစ်ယောက်ကို အကူအညီတောင်းရတာ သေးသိမ်တယ်လို့ သူ မထင်ဘူး။ ဒါမျိုးလေးတွေ ထည့်စေ ချင်တယ်။ ကျွန်မတို့လူငယ်တွေအတွက် ပညာပေးတဲ့ပုံစံမျိုးလည်း ဖြစ်သွားတယ်"လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ဆန္ဒကိုပြော ပါတယ်။
ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ စာရေးဆရာမောင်မိုးသူက "အရင်တုန်းက ဗိုလ်ချုပ်အကြောင်းဆို စာအုပ်စာတမ်းက အစ ရှားပါ တယ်။ အခု နောက်ပိုင်း ထပ်ရေးလာကြတာ တော်တော်လေးများလာတယ်။ အရင်သမိုင်းက ကြွင်းကျန်တာလေးတွေလည်း ပါလာ တယ်ဆိုတော့အားလုံးဝိုင်းလုပ်ကြ ရင်ဖြစ်နိုင်ပါတယ်" လို့ပြောခဲ့ပါတယ်။
ဒါရိုက်တာမောင်မျိုးမင်းကလည်း သူ့ဆန္ဒအရ "ကျွန်တော် ကတော့ လွတ်လပ်ရေးအတွက် အသက် ၂၀ ကျော် ခေါင်းဆောင် တစ်ဦး ဟာ မြန်မာနိုင်ငံမှာ ရှိခဲ့တယ်ဆိုတာကို သိစေချင်တယ်" လို့ပြောရင်း ဇာတ်ကားအတွက် ပံ့ပိုး သွားဖို့ အဆင်သင့် ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ဒီရုပ်ရှင်ကို ရိုက်ကူးဖို့အတွက် ကနဦး အနေနဲ့ ကော်မတီ တစ်ရပ်ကို အဲဒီနေ့ကပဲ ဖွဲ့ခွဲပြီး တာဝန်တွေကို ခွဲဝေကာ ဆက်လက်လုပ် ဆောင်သွားမယ်လို့သိရပါတယ်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်