ဒီဇင်ဘာလ ၄ ရက်ကပြုလုပ်ခဲ့သော ရုရှားလွှတ်တော် ရွေးကောက်ပွဲတွင် ၀န်ကြီးချုပ် ဗလာဒီမာပူတင်၏ အာဏာရ ယူနိုက်တက်ရုရှားပါတီသည် မဲမသမာမှုပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရပြီး ပူတင်၏အုပ်စိုးမှု အဆုံးသတ်ရေး အတွက် လူထောင်ပေါင်းများစွာသည် ဒီဇင်ဘာလ ၅ ရက် နေ့တွင် မြို့တော်မော်စကို၌ ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။
'တော်လှန်ရေး' ၊ 'ပူတင်မပါသော ရုရှားနိုင်ငံရေး' စသောကြွေးကြော်သံများ အော်ဟစ်ကာ လူ ၃၀၀၀ မှ ၅၀၀၀ က မော်စကိုမြို့တွင် ဆန္ဒပြခဲ့သည်။ နှစ်ပေါင်းများစွာ အတွင်းအတိုက်အခံတို့၏ အကြီးမားဆုံး ဆန္ဒပြမှုဖြစ်ပြီး လူ ၃၀၀ခန့် ထိန်းသိမ်းခံရကြောင်း သိရသည်။ ဗဟိုရွေးကောက်ပွဲကော်မရှင် ၏ထုတ်ပြန်ချက်အရပူတင်၏ပါတီ သည် အောက်လွှတ်တော်တွင် အ မတ်နေရာ ၄၅၀ အနက် အမတ် ၂၃၈နေရာရရှိခဲ့ကြောင်းသိရသည်။ လက်ရှိအောက်လွှတ်တော်တွင် ပူ တင်ပါတီက အမတ်နေရာ ၃၁၅ နေရာရရှိထားသည်။
ကွန်မြူနစ် ပါတီက အမတ်နေရာ ၉၂ နေရာ၊ လက်ဝဲယိမ်း Just Russia ပါတီက အမတ်နေရာ ၆၄ နေရာ၊ အမျိုးသားရေးဝါဒီ LDPR ပါတီက အမတ်နေရာ ၅၆ နေရာ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။ ယင်းရလဒ်မှာ သမ္မတအဖြစ် တစ်ကျော့ပြန်လာရန် ကြိုးပမ်းသောပူတင်အတွက် ၁၂ နှစ်အတွင်း အဆိုးရွားဆုံး ဖြစ်ခဲ့သည်။ ရွေးကောက်ပွဲမှာ တရားမျှတပြီး ဒီမိုကရေစီနည်းကျသည်ဟု လက်ရှိသမ္မတ ဒီမီထရီမက်ဗီဒက်က ပြောကြား ခဲ့သော်လည်း အာဏာရပါတီကို မျက်နှာသာပေးပြီး မဲမသမာမှုများလည်း ရှိကြောင်း ဥရောပသမဂ္ဂမှစောင့်ကြည့်သူများက ဝေဖန်ခဲ့သည်။
ရုရှား ရွေးကောက်ပွဲနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်မိကြောင်း အမေရိကန်အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲသာ တရားမျှတ မှန်ကန်မှု အပြည့်အ၀ရှိပါက အာဏာရပါတီသည် ယခုမဲရလဒ်ထက် ပိုမိုလျော့နည်းစွာ ရရှိနိုင်သည်ဟု စောင့်ကြည့်သူများက ပြောကြားခဲ့သည်။ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများမှာလည်း အကန့်အသတ်မှုများ ရှိခဲ့ ပြီး တရားမျှတမှု မရှိခဲ့ကြောင်းလည်း ၎င်းတို့က ပြောကြားခဲ့သည်။ ''ဒီလို ညစ်ပတ်တဲ့ ရွေးကောက်ပွဲမျိုး မကြုံဖူးဘူး''ဟု ကွန်မြူနစ်ပါတီခေါင်းဆောင် ဂျင်နာဒီဇူဂါနိုက ဝေဖန်ခဲ့ပြီး မဲရလဒ်ကို လက်ခံမည်မဟုတ်ဟု ကြေညာခဲ့သည်။
ယခင် ဆိုဗီယက် ခေါင်းဆောင်ဟောင်း မီခေးလ်ဂေါ် ဘာချက်ဗ်ကလည်း ယူနိုက်တက်ရုရှားပါတီကို ယခင်ဆိုဗီယက် ကွန်မြူနစ်ပါတီနှင့် နှိုင်းယှဉ်ခဲ့ပြီး ပူတင်ကို သမ္မတ ရွေးကောက်ပွဲ မယှဉ်ပြိုင်ရန် အကြံပေးခဲ့သည်။
''အစိုးရကို ပြည်သူတွေက ကြောက်နေသေးတယ်။ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဖို့ စိုးရွံ့နေသေးတယ်ဆိုရင် စစ်မှန်တဲ့ ဒီမိုကရေစီ မရသေးဘူး''ဟု ဂေါ်ဘာချက်ဗ်က Ekho Moskvy အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။ ရုရှားတွင် ခြစားမှုပျံ့နှံ့နေမှု၊ ဆင်းရဲချမ်းသာ အလွန်အမင်း ကွာဟလာမှု၊ ပူတင်နှင့် ၎င်းပါတီ၏ လွှမ်းမိုးမှုတို့အပေါ် စိတ်ပျက်လာသောပြည်သူများ တိုးပွားလာနေသည်။ ရလဒ်မကောင်းဖြစ်ခဲ့သော ဒေသများမှ တာဝန်ရှိသူများအနေဖြင့် ပိုမိုကောင်း မွန်အောင် မလုပ်ဆောင်နိုင်လျှင်ရာထူး ထုတ်ပယ်ခံရမည်ဟု မက်ဗီဒက်က သတိပေးခဲ့သည်။
Ref: Reuters












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်