ယခုသီတင်းပတ်တွင် ထိုင်းဘုရင်မွေးနေ့အထိမ်းအမှတ်အဖြစ် နှစ်ပတ်လည် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား ထောင်ပေါင်းများစွာကို လွှတ်ပေးခဲ့သော်လည်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်မပါဝင်ခဲ့ကြောင်း အကျဉ်းထောင်များဆိုင်ရာ အကြီးအကဲက ဒီဇင်ဘာလ ၄ ရက်နေ့က ပြောကြားခဲ့သည်။
ထောင်ဒဏ်ကျခံရခြင်းမရှိဘဲ ထိုင်းနိုင်ငံသို့ သက်ဆင်ပြန်လာနိုင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ရှိရေးမူကို ထိုင်းကက်ဘိနက်က ထောက်ခံခဲ့ရာ သက်ဆင်၏ ပြိုင်ဘက်များ ဒေါသူပုန်ထခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ယင်းလုပ်ရပ်ကို အစိုးရက နောက်ဆုတ်သွားခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ လွတ်ငြိမ်းချမ်းသာခွင့် သက်ရောက်မည့်နေ့မှာ ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်၏ ၈၄ နှစ် မြောက်မွေးနေ့မတိုင်မီ တစ်ရက်အလိုဖြစ်သည့် ဒီဇင်ဘာလ ၄ ရက် နေ့ဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ကို အကျဉ်းသား ၂၂၀၀၀ ခန့်က ခံစားခွင့် ရရှိမည်ဖြစ်သော်လည်း ၎င်းတို့ အထဲတွင် သက်ဆင်ပါဝင်ခြင်းမရှိကြောင်း အကျဉ်းထောင်များ ဌာနအကြီးအကဲ ဆူချတ်ဝေါင်ဂါနာချိုင်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
ယခင်နှစ်များကဲ့သို့ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်မှာထောင်ဒဏ် ကျခံနေသူများသာအကျုံးဝင်ကြောင်း ဆူချတ်က ပြောကြားခဲ့သည်။၂၀၀၆ ခုနှစ်က စစ်တပ်သည် အာဏာသိမ်း ကာ သက်ဆင်ကိုဖြုတ်ချခဲ့သည်။ သက်ဆင်သည် ခြစားမှုစွဲချက်များ ကြောင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရပြီး ပြစ်ဒဏ်ကို ရှောင်ရှားရန် ပြည်ပတွင် နေထိုင်လျက်ရှိသည်။ သက်ဆင်က ၎င်းအားပြစ်ဒဏ်ချခြင်းမှာ နိုင်ငံရေးအရ လှုံ့ဆော်မှုတစ်ခုသာဖြစ်သည်ဟု ဆိုသည်။
၂၀၁၀ ပြည့်နှစ်က သက်ဆင်ထောက်ခံသူရှပ်နီထောင်ပေါင်းများ ဆန္ဒပြမှုများကို စစ်တပ်၏ သွေးစွန်းသော နှိမ်နင်းမှုများဖြင့် အဆုံးသတ်ခဲ့ပြီးနောက် ယခုနှစ်အစောပိုင်းတွင် ၎င်း၏ပါတီက ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့ပြီး ညီမ ယင်လက်ခ်မှာ လတ်တလောတွင် ၀န်ကြီးချုပ်ဖြစ်နေသည်။
သက်ဆင်ကို နိုင်ငံကူးလက်မှတ် မကြာမီထုတ်ပေးမည်ဟု ထိုင်းအစိုးရက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။ ယခင်အစိုးရလက်ထက်က သက်ဆင်၏ နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းခဲ့သော်လည်း သက်ဆင်သည် ယခင်နှစ်က မွန်တီနီဂရိုးနိုင်ငံသားအဖြစ် ခံယူခွင့် ရရှိခဲ့သဖြင့် နိုင်ငံတကာသို့ ခရီးသွားလာခွင့် ရရှိနေပြီဖြစ်သည်။
Ref:AFP












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်