Monday, November 21, 2011

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ တွင် ပါဝင် ယှဉ်ပြိုင်မည်

AFP Photo

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် မကြာခင် ကျင်းပ နိုင် ဖွယ်ရှိ
သည့် ကြားဖြတ် ရွေးကောက် ပွဲ တွင် ပြည်ထောင် စု လွှတ်တော် နေရာ တစ်ခု အတွက် လွှတ်
တော် ကိုယ်စားလှယ်အဖြစ် ပါဝင် အရွေးခံ မည် ယနေ့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပြောခွင့် ရသူ က နိုင်ငံခြား သတင်း ဌာနများ သို့  ယနေ့  အတည် ပြု ပြောကြား သည်။

လစ်လပ် နေသည့် လွှတ်တော် အမတ် ၄၈ နေရာ စလုံး ကို ၁၉၉၀ ရွေးကောက် ပွဲ အနိုင်ရ အ
မျိုး သား ဒီမိုကရေစီ အဖွဲ့ ချုပ် က ၀င်ရောက်ယှဉ် ပြိုင် စေခြင်း ကြောင်း ကို ဒေါ်အောင်ဆန်း
စုကြည်က ယခင် သီတင်းပတ် က ဆန္ဒ ပြု ခဲ့ သည်။

ယခုလ ၁၈ ရက်နေ့ က အ မျိုး သား ဒီမိုကရေစီ အဖွဲ့ ချုပ် က ပါတီ မှတ်ပုံ တင်ခြင်း နှင့်ကြားဖြတ်
ရွေးကောက် ပွဲ ၀င်ရန် ဆုံး ဖြတ် ချက် ထွက် ပေါ် အပြီး သုံးရက် အကြာ တွင် ဒေါ်အောင်ဆန်း စု
ကြည် ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင် မည် ဟု ဆုံးဖြတ် ချက် ထွက် ပေါ်လာခြင်း ဖြစ်သည်။

မြန်မာ့ဆိုင်း သီးသန့်ဖျော်ဖြေမှုနှင့် Jazz ဂီတဖြင့် တွဲဖက်တီးခတ်မှုကို အခမဲ့ကြည့်ရှုနိုင်မည်

e782

မြန်မာ့ဆိုင်း သီးသန့်ဖျော်ဖြေ မှု နှင့်နိုင်ငံခြားမှ ဂီတပညာရှင်များပါဝင် တီးခတ်မည့်Jazz ဂီတဖြင့် တွဲဖက် တီးခတ်မှုကို ဒီဇင်ဘာလ ၃ ရက်နေ့ တွင် စိမ်းလန်းစိုပြေ၌ ကျင်းပမည်ဖြစ်ပြီး အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

ယင်းပွဲတွင် မြန်မာ့ဆိုင်းနှင့် တွဲဖက်တီးခတ်မည့်Jazz ဂီတအဖွဲ့ တွင် ဂျာမနီ၊ ပြင်သစ်နှင့် အစ္စရေး နိုင်ငံများမှ နိုင်ငံတကာတွင် လှည့်လည်ဖျော်ဖြေနေသည့် ဂီတပညာရှင်များ ပါဝင်တီးခတ်ကြမည် ဖြစ်သည်။ ပါဝင်တီးခတ်မည့် မြန်မာ့ဆိုင်းအဖွဲ့ မှာ ဂျာမနီနိုင်ငံတွင် ကျင်းပသည့် RAUMZEIT FESTIVAL ဂီတ ဖျော်ဖြေပွဲသို့ တက်ရောက်ဖျော်ဖြေခဲ့သည့် ‘ဟိန်းတင့်’ မြန်မာ့ဆိုင်းအဖွဲ့ ဖြစ်သည်။

ယင်းဖျော်ဖြေပွဲနှင့် ပတ်သက်၍ “Jazz ဂီတဟာ တခြားသောဂီတတွေလို မဟုတ်ဘဲ သူနဲ့အခြားဂီတတွေကို ပေါင်းစပ်လို့ရနိုင်တာကြောင့် မြန်မာ့ဆိုင်းနဲ့လည်း တွဲဖက်ဖျော်ဖြေမှုတွေကို လုပ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ် အတွင်းက ကျင်းပခဲ့တဲ့ Jazz Bliss ဂီတပွဲတွေမှာလည်း မြန်မာ့ဆိုင်းနဲ့ တွဲဖက်ဖျော်ဖြေမှုတွေ လုပ်ခဲ့တယ်။ မြန်မာ့ဆိုင်းနဲ့Jazz ဂီတ အဖွဲ့ပူးပေါင်းဖျော်ဖြေမှုကို ဟိုက ပရိသတ်တွေက အရမ်းကို အားပေြး တယ်။ ဒါကြောင့် မြန်မာ့ဆိုင်းနဲ့တွဲဖက်ဖျော်ဖြေမှုကို အလေးထားပါတယ်”ဟု ဂျာမနီသံရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

စိမ်းလန်းစိုပြေတွင် ကျင်းပမည့် အဆိုပါ ဂီတပွဲအတွက် ၀င်ခွင့် လက်မှတ် ၂၀၀၀ ကျော် စီစဉ်ထားပြီး လက်မှတ်များကို ဂျာမနီသံရုံး၊ ပြင်သစ်သံရုံး၊ ဗြိတိသျှသံရုံးနှင့် အမေရိကန်စင်တာတို့တွင် ရယူနိုင်ကြောင်း သိရသည်။ လက်မှတ်မရရှိသူများလည်း စိမ်းလန်းစိုပြေ၏ ပုံမှန်သတ်မှတ်ဝင်ကြေးပေးကာ တက်ရောက် နားဆင်နိုင်ကြောင်း သိရသည်။

“ ဒီနေ့ခတ်မှာ မြန်မာ့ရိုးရာဂီတ ကို စိတ်ဝင်စားတဲ့ လူငယ်တွေ အရမ်းနည်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဆိုင်းအဖွဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ ရိုးရာဂီတတွေဟာ နိုင်ငံတကာ ဂီတ ထဲမှာဝင်ဆံ့တယ် ဆိုတာကို နိုင်ငံခြားမှာတင် မဟုတ်ဘဲ ပြည်တွင်းကလူတွေကိုပါ ဖျော်ဖြေခွင့်ရမှာမို့ ၀မ်းသာပါတယ်”ဟု ဟိန်းတင့် မြန်မာ့ဆိုင်းအဖွဲ့၏ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးကျော်တင့်က ဆိုပါသည်။

ရုပ်ရှင်ကားကြီးများ၏ ရုံတင်ပြသရက် နှစ်နှင့်ချီ၍ စောင့်ဆိုင်းရသည့် အခြေအနေများကြောင့် ဒီဗီဒီဇာတ်ကားများ ရိုက်ကူးထုတ်လုပ်ရန် စိတ်ပါဝင်စားမှု ပိုမိုလာ

e781
၂၀၁၀ အကယ်ဒမီစစ်ဆေး ကြည့်ရှုရန် စာရင်းဝင်ဇာတ်ကား ဖြစ်သော်လည်း ၂၀၁၁ နှစ်ကုန်ပိုင်းမှသာ ရုံရက်ချိတ် ရရှိထားသည့်
‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ဇာတ်ကား၏ ဇာတ်ဝင်ခန်း

ရုပ်ရှင်ကားကြီးများ၏ ရုံတင်ပြသရက်များသည် စတင်ရိုက်ကူး ထုတ်လုပ်ချိန်မှ ရုံတင်ပြသချိန်အထိ ခန့်မှန်းခြေတစ်နှစ်မှ နှစ်နှစ်ဝန်းကျင်ခန့် စောင့်ဆိုင်းရမှုများ ရှိလာသောကြောင့် ရုပ်ရှင်ကားကြီးများ ရိုက်ကူး ထုတ်လုပ်ရန် စိတ်ပါဝင်စားမှုမှာ အနည်းငယ်လျော့နည်းသွားပြီး ရုံတင် ပြသရက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း ရန်မလိုသည့် ဒီဗီဒီဇာတ်ကားများအား ရိုက်ကူးထုတ်လုပ်ရန် စိတ်ပါဝင်စားမှုများ ပိုမိုမြင့်တက်လာခဲ့သည် ဟုသတင်းရရှိသည်။

“ဒီနှစ်ကုန်ပိုင်းမှာ ဒီဗီဒီဈေးကွက် သိသိသာသာ ပြန်လည်လှုပ်ရှားလာတာကို တွေ့ရပါတယ်။ အဓိကတော့ ရုပ်ရှင်ကားကြီးတွေက ရိုက်ကူးပြီးချိန်ကနေ ရုံတင်ပြသချိန်အထိ တစ်နှစ်ကနေ နှစ်နှစ်ဝန်းကျင်ထိ စောင့်ဆိုင်းရပါတယ်။ ဒီဗီဒီကတော့ ရုံရက်လွယ်လွယ်ကူကူရနိုင်သလို ကိုယ့်ကား တကယ်ကောင်းမယ်ဆိုရင် လူဝင်မယ်။ ပြီးရင်သိပ်မကြာခင်မှာပဲ အခွေအဖြစ် ပြန်ဖြန့်နိုင်မယ်။ ဒီဗီဒီကရိုက်ကူးနေရင်းနဲ့ သိပ်အားရတယ်ဆိုရင်လည်း ရုပ်ရှင်ကားကြီး အဖြစ်ပြန်ပြောင်းနိုင်မယ့် အခွင့်အလမ်း ရှိတယ်။ ဒီလို အခြေအနေတွေကြောင့် ဒီဗီဒီဇာတ်ကားတွေ ရိုက်ကူးမှုပြန်ပြီး မြင့်တက်လာတယ်လို့ ထင်ပါတယ်” ဟု ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရှင်းပြခဲ့သည်။

လက်ရှိတွင် ရုံတင်ပြသရန် တန်းစီစောင့်ဆိုင်းနေသည့် ရုပ်ရှင်ဇာတ်ကားသစ်များမှာ ၂၀၁၃ နှစ် အထိရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

မြောက်ကိုရီးယားက အခြားနိုင်ငံများသို့ နျူနည်းပညာ လွှဲပေးမှုသည် ခြိမ်းခြောက်မှုဖြစ်ကြောင်း အိုဘားမားပြောကြား

w78_15

မြောက်ကိုရီးယားနိုင်ငံက အခြားနိုင်ငံများသို့ နျူကလီးယားနည်း ပညာလွှဲပေးမှုသည် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက သြစတြေးလျှ လွှတ်တော်၌ နိုဝင်ဘာလ ၁၇ ရက်က ပြောကြားခဲ့သည်။

နျူကလီးယားပြန့်ပွားရေး လုပ်ဆောင်နေမှု၏ အကျိုးဆက်များကို မြောက်ကိုရီးယားနိုင်ငံကသာ အပြည့်အ၀ တာဝန်ယူရမည်ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနျူစီမံကိန်းများ ဖျက်သိမ်းရေး ဆွေးနွေးပွဲပြန် စတင်ရန်အတွက် ကြိုးပမ်းနေချိန်တွင် အိုဘားမား၏ သတိပေးချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်နောက်ပိုင်း နျူကလီးယား ဗုံး နှစ်လုံးဖောက်ခွဲစမ်းသပ်ခဲ့ပြီး အမေရိကန်သို့ရောက်ရှိနိုင်သော တာဝေး ပစ်ဒုံးကျည်တီထွင်နေကြောင်း ယုံကြည်ရသည်။ ပဲ့ထိန်းဒုံးကျည်အပါအ၀င် နျူကလီးယားနည်းပညာများကို အခြားနိုင်ငံများသို့ မလွှဲပေးရန် မြောက်ကိုရီးယားကို ကုလသမဂ္ဂက ပိတ်ဆို့အရေးယူသည့် ဆုံးဖြတ်ချက် ချမှတ်ထားသည်။

Ref:AP

လွတ်ငြိမ်းချမ်းသာခွင့်စာရင်းတွင် မိမိပါနေသည်ဆိုသော ကောလာဟလများကို သက်ဆင်ငြင်းဆို

w78_22

ထိုင်းအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ဒီဂရီတစ်ခုကို ယခု သီတင်းပတ်အတွင်းထုတ်ပြန်ခဲ့ရာ လွတ်ငြိမ်းချမ်းသာခွင့်ရမည့်စာရင်းတွင် မိမိနာမည်ပါနေသည်ဆိုသော ကောလာဟလများကို ပြည်ပတွင် တိမ်းရှောင် နေသည့် ထိုင်းဝန်ကြီးချုပ် ဟောင်းသက်ဆင်ရှင်နာဝပ်ထရာက နိုဝင်ဘာလ ၂၀ ရက်တွင် ငြင်းဆိုခဲ့သည်။

၎င်း၏မဟာမိတ်များ ပါဝင်သော ထိုင်းအစိုးရက မိမိကို အထူးခံစားခွင့်ပေးလိမ့်မည်ဆိုသောသတင်းများအား သက်ဆင်က ပယ်ချခဲ့သည်။ သက်ဆင်က ၎င်းကိုထောက်ခံသူများထံ ရေးသားခဲ့သော စာတစ်စောင်အား ၎င်း၏ရှေ့နေ နွတ်ပါဒွန်ပက်တမာ က အေအက်ဖ်ပီသတင်းဌာနသို့ Forward Mail ပို့ခဲ့ခြင်း ဖြစ်သည်။ မိမိအတွက် သို့မဟုတ် လူတစ်ဦးချင်းစီအတွက် အကျိုးရှိစေမည့်အရာများအား ထိုင်းအစိုးရက လုပ်ဆောင်မည် မဟုတ်ကြောင်းကို မိမိသည် မူအရယုံကြည်ကြောင်း ထောင်ဒဏ်ကျခံရမည့်အရေး ရှောင်လွှဲနိုင်ရန် ပြည်ပတွင်တိမ်းရှောင်နေသောအသက် ၆၂ နှစ်ရှိ သက်ဆင်က ပြောကြားခဲ့သည်။

Ref:AFP

တရုတ်တွင် ဓာတုစက်ရုံတစ်ရုံ ပေါက်ကွဲခဲ့ရာ အလုပ်သမား ၁၄ ဦးသေဆုံး

နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဓာတု စက်ရုံတစ်ရုံတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ အလုပ်သမား ၁၄ ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

ရှန်တောင်းပြည်နယ်၊ ဆင်ထိုင်းမြို့ရှိ မယ်လမင်းထုတ်လုပ်သည့်စက်ရုံတွင် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်က အလုပ်သမားများသည် ကွန်ဒင်ဆာတစ်ခုကို ပြုပြုင်နေသည်ဟု ဆင်ထိုင်း မြို့အုပ်ချုပ်ရေးအဖွဲ့၏ ကြေညာချက်အားကိုးကား၍ ဆင်ဟွာက ဖော်ပြခဲ့သည်။ အလုပ်သမားလေးဦးမှာ ချက်ချင်း သေဆုံးခဲ့ပြီး ၁၀ ဦးမှာ ဆေးရုံရောက်မှ သေဆုံးခဲ့သည်။ ဒဏ်ရာရသူငါးဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရပြီး မတော်တဆဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျှက်ရှိသည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။

တရုတ်ရှိ ကုမ္ပဏီများမှာ အမြတ်အစွန်းနောက်ကိုသာ လိုက်နေပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအား လျစ်လျူရှုနေသည်ဟု ဝေဖန်မှုများ ပေါ်ထွက်လျှက်ရှိသည်။ စက်တင်ဘာလကလည်း ကျန်စီးပြည်နယ်ရှိ ပုဂ္ဂလိကပိုင် ဓာတုစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးခဲ့သည်။ လွန်ခဲ့သည့် သီတင်းပတ်ကပင် ယူနန်ပြည်နယ်တွင် ကျောက်မီးသွေးတွင်းတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားရာ မိုင်းလုပ်သား ၃၄ ဦး သေဆုံး ခဲ့ရသည်။

Ref:AFP

နျူကလီးယားစစ်ပွဲအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း ရုရှားစစ်ဘက်အကြီးအကဲ သတိပေး

w78_23

ရုရှားသည် ၎င်း၏နယ်စပ်များတွင် ဖြစ်ပေါ်နေသည့်ပဋိပက္ခများအတွင်း ဆွဲသွင်းခံရနိုင်သည့်အန္တရာယ် မြင့်မားနေပြီး နျူစစ်ပွဲဘက်သို့ လှည့်သွားနိုင်သည့် အလားအလာရှိနေကြောင်း ရုရှားစစ်ဘက်ထိပ်တန်းအရာရှိက နိုဝင်ဘာလ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။

နေတိုးအဖွဲ့၏ အရှေ့ဘက်သို့ နယ်ပယ်ချဲ့ထွင်လာခြင်းနှင့် ဒေသဆိုင်ရာပဋိပက္ခများထဲသို့ ရုရှားဆွဲသွင်းခံနေရမှုမှာ သိသိသာသာ မြင့်မားလာကြောင်း ရုရှားစစ်ဦးချုပ် ဗိုလ်ချုပ်ကြီး နီကိုလိုင်မာကာရော့ဗ်က သတိပေးခဲ့ သည်။

အချို့အခြေအနေများအရ ဒေသဆိုင်ရာနှင့် ပြည်တွင်းပဋိပက္ခများမှသည် နျူလက်နက်များပါဝင်သည့် မီးကုန်ယမ်းကုန်ဆင်နွှဲသည့် စစ်ပွဲကြီးတစ်ခုဖြစ်လာနိုင်ကြောင်း မာကာရော့ဗ်က ပြောကြားခဲ့သည်။ ရုရှားအပေါ် သို့မဟုတ် ရုရှား၏ မဟာမိတ်အပေါ် နျူလက်နက်ဖြင့် တိုက်ခိုက်ပါက ရုရှားကလည်း နျူလက်နက်ဖြင့် တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည့်အပြင် အကယ်၍ ရုရှားတည်ရှိမှုကိုခြိမ်းခြောက်သည့် သမားရိုးကျ လက်နက်ကြီး များဖြင့် တိုက်ခိုက်လာလျှင်လည်း နျူလက်နက်ဖြင့် တုံ့ပြန်နိုင်ကြောင်း ရုရှားစစ်ရေးပေါ်လစီတွင် ဖော်ပြထားသည်။

နေတိုးအဖွဲ့သည် ဥရောပအရှေ့ပိုင်းနှင့် အလယ်ပိုင်းရှိ ယခင်ဆိုဗီယက်အုပ်စုဝင် သမ္မတနိုင်ငံများကို ၀င်ခွင့်ပြုခြင်း၊ ယူကရိန်းနှင့် ဂျော်ဂျီယာနိုင်ငံတို့ကို ၎င်းတို့၏ အဖွဲ့သို့ ၀င်ခွင့်ပြုရန် စီစဉ်နေမှုအပေါ် ၎င်းက သတိပေး ခဲ့သည်။

အာဖဂန်မှ နေတိုးတပ်ဖွဲ့များ ဆုတ်ခွာပါက အိမ်နီးချင်း ဆိုဗီယက်အုပ်စုဝင် နိုင်ငံများဖြစ်ခဲ့သည့် ဗဟိုအာရှနိုင်ငံများတွင် ပဋိပက္ခများ ဖြစ်ပွားလာနိုင်ပြီး စစ်ပွဲကြီးတစ်ခုဖြစ်လာနိုင်ကြောင်းလည်း သတိပေးခဲ့သည်။

Ref:AP

ကားသစ်အတွက် လမ်းအသစ်တွေ အဆင်သင့် မဖြစ်သေး

782
ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းဆုံ မီးပွိုင့်တွင် ပွိုင့်မိနေသည့် ကားများ Happy World ရှေ့ရောက်သည်အထိ တန်းစီနေရစဉ်

ကားဟောင်းလဲလှယ်ရေး အစီအစဉ်ဖြင့် တင်သွင်းလာမည့် ကားအရေအတွက်၊ နိုင်ငံခြားငွေ ရှာဖွေ အခွန်ထမ်းသူများ တင်သွင်းလာမည့် ကားအရေအတွက်နှင့် လက်ရှိ ရှိနှင့်ပြီး ကား အရေအတွက်အရ ဆိုသော် အဆိုပါ ကားများဖြင့်ကိုက်ညီမည့် လမ်းများ အသင့်ရှိမနေသေးကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

“ကားဟောင်းလဲမှာက အစီး ရေ ၅၀၀၀၀ နဲ့အထက်ရှိတယ်။ အဲဒီမှာ တစ်ကယ်လဲဖြစ်မှာက အစီး ရေ ၃၅၀၀၀ လောက် အနည်းဆုံး ရှိနိုင်တယ်။ နောက်ထပ်စာရင်းမှာ ထည့်တွက်မထားတဲ့ လိုင်စင်မ၀င်ဘဲ ထားတဲ့ ကားဟောင်းကလည်း အစီးရေ ၁၀၀၀၀ လောက်ထိ ထွက်လာနိုင်သေးတယ်။ လုပ်ငန်းရှင်နဲ့ သင်္ဘောသား အပါအ၀င် နိုင်ငံခြားမှာအလုပ် သွားလုပ်နေတဲ့ နိုင်ငံသားတွေကို တင်သွင်းခွင့်ပေးလာမှာက အစီးရေ ၁၀၀၀၀ လောက်ထိရှိလာနိုင်တယ်။ အဲဒါဆိုရင် အစီးရေ ၅၅၀၀၀ လောက် လမ်းပေါ် ထပ်ရောက်လာမယ်။ အထူးသဖြင့် ရန်ကုန်နဲ့မန္တလေး လမ်းတွေပေါ်မှာ အများဆုံး အသုံးပြုကြမှာဖြစ်လို့ ရန်ကုန်နဲ့ မန္တလေးကတော့ အရင်ကထက် ယာဉ်ကြော ပိတ်ဆို့မှုဖြစ်လာမှာပဲ။ ဒါတင်မကသေးဘူး လိုင်စင်မဲ့ကားတွေကလည်း မြန်မာနိုင်ငံလမ်းတွေပေါ်မှာ အစီးရေ အများကြီး သွားနေကြသေးတယ်။ ရန်ကုန်မှာဆိုရင် ယာဉ်ကြောပိတ်ဆို့မှုက နေရာအတော်များများမှာ ဖြစ်ပေါ်နေသလို ကားပါကင်ပြဿနာကိုလည်း ရင်ဆိုင်နေရပြီ။ ဒီလမ်း ပြဿနာကို အရင်ဖြေရှင်းရမယ်လို့ ထင်ပါတယ်”ဟု သွင်းကုန်လုပ်ငန်းရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။

782a

ရန်ကုန်မြို့ဘုရင့်နောင် လမ်းမပေါ်ရှိ လမ်းပေါက်များ ပြုပြင်နေသည်ကို နိုဝင်ဘာလ ၁၉ ရက်နေ့ကတွေ့ရစဉ်

ရှိနှင့်ပြီး လမ်းများထဲမှပင် ပျက်စီးမှု များပြားနေသော လမ်းများနှင့် ယာဉ်သွားလာမှု များပြားသော လမ်းများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပြန်လည်ပြုပြင် ခင်းကျင်းရာတွင်လည်း အကန့်အသတ်ဖြင့်သာ ပြုလုပ်နိုင်ကြောင်း၊ ပျက်စီးနေသော လမ်းအပိုင်းများအား လမ်းပေါက်ဖာရာတွင်လည်း တစ်နေရာ ပျက်စီး၍ဖာနေသည့် ကာလတွင် နောက်ထပ် တစ်နေရာမှာလည်း ထပ်မံပျက်စီးနေခြင်းကြောင့် ပြုပြင်ရမည့်အပိုင်းများ များပြားနေကြောင်း သိရသည်။

“အခုရန်ကုန်မြို့က ပျက်စီးမှုများတဲ့ လမ်းတွေကို ပြန်ခင်းနေပါတယ်။ ကျန်တာကတော့ ကမ္ဘာအေး ဘုရားလမ်းကို နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာပြန်ခင်းတာပါ။ လမ်းပေါက်ဖာတာကိုတော့ တစ်မြို့လုံးနီး ပါးမှာ လုပ်ဖြစ်နေပါတယ်။ အရင်က ရန်ကုန်မြို့ရဲ့ လမ်း၊ တံတားဆိုင်ရာ ကိစ္စရပ်တွေက မြို့တော်စည်ပင် ဘတ်ဂျက်ကနေ သုံးစွဲတာပါ။ အခုအစိုးရသစ် လက်ထက်မှာတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ဘတ်ဂျတ်အောက်မှာ ခွဲဝေသုံးစွဲရတာဆိုတော့ အကန့်အသတ်တစ်ခု ဖြစ်နေတာပေါ့။ ရန်ကုန်မြို့မှာ တိုးလာတဲ့ယာဉ်တွေ အများကြီးကြောင့် လမ်းပိတ်ဆို့မှုတွေ ရှိနေတဲ့အတွက် လမ်းတွေထပ်ချဲ့ဖို့အတွက်ကို စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် လမ်းတွေက ဒီထက်ပိုပြီး ချဲဖို့အတွက်မရနိုင်တဲ့ အနေအထားပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ကားနှင့် ကိုက်ညီသည့် လမ်းအနေအထား အသင့်မရှိမှုကြောင့် ကားတင်သွင်းခြင်း ဆိုင်ရာများကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုနေသည့် အနေအထား ဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ ၀ယ်နိုင်အားနှင့်ဆိုပါက ကိုက်ညီသည့် လမ်းသစ်များ ဖော်ဆောင်နိုင်မှသာ လွတ်လပ်စွာကား တင်သွင်းခွင့် ပေးနိုင်မည့်အခြေအနေ ရောက်ရှိလာနိုင်ကြောင်း၊ သို့မှသာ လမ်းနှင့်ကား ကိုက်ညီသည့် လမ်းကြောင်းမှန်သို့ ရောက်ရှိမည် ဖြစ်ကြောင်းလည်း လေ့လာသူများ၊ လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

“မြန်မာနိုင်ငံရဲ့လက်ရှိကား ၀ယ်နိုင်စွမ်းအားက ၂၀၀၈၊ ၂၀၀၉ တုန်းကလို မတန်တဆ အမြင့်ဈေးနဲ့တောင် တစ်နှစ်ကိုအစီးရေ ၃၀၀၀၀၊ ၄၀၀၀၀ လောက် မှတ်ပုံတင် နေတာ။ အခုလို ဈေးနိမ့်နဲ့ဖြစ်မယ် ရဲရဲတင်းတင်းနဲ့ ဖွင့်ပေးလိုက်မယ်ဆိုရင် အစီးရေ တစ်သိန်းဝန်းကျင်အထိ ၀ယ်နိုင်ကြလိမ့်မယ်။ လမ်းအသင့် မဖြစ်သေးပဲ ကားတွေအရင် ၀င်လာမယ်ဆိုရင်တော့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကားပါကင်ပြဿနာကတော့ အခုထက် အဆပေါင်းများစွာ ပိုကြုံရမှာပါ။ အခုတောင်မှ ရွှေဂုံတိုင်၊ လှည်းတန်း၊ ဘုရင့်နောင်မီးပွိုင့်တွေကို ဖြတ်သန်းသွားလာရဖို့ တော်တော် ကြောက်နေကြတာ။ လမ်းလုပ်ဖို့ ဆိုတာကလည်း အခုကြားနေရတာ က လမ်းအဟောင်းပြင်ဖို့တောင် ဘတ်ဂျက်မရှိဘူးတဲ့။ ကိုယ့်တိုင်း ဒေသကြီးဘတ်ဂျက်ထဲက ကိုယ်ပြန် သုံးရမယ်လို့ကြားရတယ်။ ဒီတော့ ဂုံးကျော်တံတား ဆောက်ဖို့ဆိုတာ ကလည်း အခုမှစမ်းသပ်တဲ့ အဆင့်ပဲ ရှိသေးသလို မိုးပျံတံတားဆို ဆောက်ဖြစ်ဖို့ တော်တော်ခက်မယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့လုပ်ရင်တောင် အနည်းဆုံး အချိန်က နောက်ထပ် နှစ်နှစ်လောက် ယူကြရဦးမယ် ထင်ပါတယ်။ အဲဒီလိုပြင်ဆင်ပြီးမှပဲကား Show Room တို့ လွတ်လပ်စွာ တင်သွင်းခွင့်တို့ ပေါ်လာလိမ့်မယ် လို့ သုံးသပ်ထားတယ်။ လမ်းပြဿနာကို အရင်ရှင်းမှာဖြစ်လို့လည်း အခုလိုကားတွေကို အကန့်အသတ်နဲ့ တင်သွင်းခွင့် ပေးနေတာလို့ ထင်တယ်။ တစ်ဖက်က လမ်းပြဿနာကို ရှင်းရင်းတစ်ဖက်က လမ်းနဲ့ကိုက်မယ့်ကားတွေ တင်သွင်းခွင့်ပေးတာ ပိုကောင်းမယ်လို့ ယူဆပါတယ်။ လမ်းတွေရှိပြီး ကားတင်သွင်းခွင့် ကန့်သတ်ထားရင်တော့ မတရားသလို၊ လမ်းမရှိဘဲနဲ့ လွတ်လပ်စွာ ကားတင်သွင်းခွင့် ပေးရင်လည်း နေ့စဉ်ကားသုံးရတဲ့ အများပြည်သူ အတွက် ဒုက္ခဖြစ်ရတာ ပိုများကြဦးမယ်။ ဒါပေမယ့် လမ်းတွေကိုတော့ အခုကတည်းက သေချာပြင်ဆင်ဖို့လိုပါပြီ”ဟု သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါသည်။

“အနည်းဆုံး နှစ်နှစ်လောက် အချိန်ယူပြင်ဆင်ရမယ့် လမ်းအနေအထားကြောင့် ကားသစ်တွေတင် သွင်းရောင်းချပေးမယ့် Show Room တို့ လွတ်လပ်စွာ တင်သွင်းခွင့်တို့ဆိုတာလည်း ချက်ခြင်းခွင့်ပြုပေးမှာ မဟုတ်သေးဘူးလို့ မြင်တယ်။ အခု ခွင့်ပြုပေးထားတဲ့ အနေအထားကြောင့် လည်း ကားဈေးကတော့ကျလာ တယ်။ ဒါပေမယ့် ထပ်ကျလို့မရ တော့တဲ့ အနေအထားရောက်သွား ရင်တော့ အဲဒီဈေးမှာပဲရှိနေမှာပါ။ အခုဆိုတင်သွင်းတဲ့ဈေး၊ ဆောင်ရတဲ့ အခွန်နဲ့ ကားဟောင်းဝယ်တဲ့တန်ဖိုး အားလုံးပေါင်းလိုက်ရင် ကား တစ်စီးရဲ့ နောက်ဆုံးဈေး၊ ထပ်ကျ စရာမရှိတော့တဲ့ ဈေးရင်းကိုရောက် နေပြီ။ ကားဈေးနှုန်းက အခု သုံးမျိုးပဲရှိတော့မယ်။ ကားဟောင်းလဲတဲ့သူတွေ တင်သွင်းတဲ့ကားဈေး က စင်တာမှာဝယ်မယ့် 1998, 1999 Mark II အပါအ၀င် ကားတွေဆို ကျပ်သိန်း ၂၀၀ နဲ့ ၂၅၀ ကြားမှာပဲ ရှိမယ်။ ဂျပန်မှာ လေလံဆွဲပြီး တင် သွင်းလာတဲ့ Mark II 2002, Surf လို Grade မြင့်တဲ့ကားတွေကတော့ ကျပ်သိန်း ၃၀၀ နဲ့ ၄၀၀ ကြားမှာ ရှိမယ်။ သင်္ဘောသားနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေ သွင်းလာမယ့်ကားဈေးက ကျပ်သိန်း ၅၀၀ နဲ့ ၁၀၀၀ကြားမှာရှိမယ်။ လုပ်ငန်းရှင်တွေ အသစ်သွင်းမယ့် အင်ဂျင်ပါဝါ မြင့်တဲ့ကားတွေကတော့ ကျပ် သိန်း ၁၀၀၀ နဲ့ ၂၀၀၀ ကြားမှာပဲ ရှိမှာပါ။ အခုမြန်မာနိုင်ငံကို လုပ်ငန်းရှင်တွေ တင်သွင်းမယ့် ကားသစ်ဈေးတွေက ထိုင်းနိုင်ငံက ကားသစ် ဈေးနဲ့ အရမ်းမကွာတဲ့ အနေအထား ရောက်သွားမှာပါ။ ဥပမာ ခရီးသွား လုပ်ငန်းလုပ်ကိုင်တဲ့သူတွေ တင်သွင်းလာမယ့် တန်ဖိုးအရမ်းမမြင့်တဲ့ ကားသစ်ထဲကဆိုရင် နိုင်ငံတကာမှာ အမေရိကန်ဒေါ်လာ ၃၂၀၀၀ ၀န်းကျင်နဲ့ ရောင်းတဲ့ Lexus CT 200h Hybrid ကိုထိုင်းနိုင်ငံမှာ ဘတ်နှစ်သန်း နဲ့ ဈေးစဖွင့်ခဲ့တယ်။ အမေရိကန် ဒေါ်လာ ၆၅၀၀၀ နီးပါးရှိတဲ့အတွက် ကျပ်သိန်း ၅၂၀ ၀န်းကျင်ကျမယ်။ ဒါက အခွန်အပြည့်အ၀ မဆောင်ရသေးတဲ့ ဈေး။ စင်ကာပူမှာကျတော့ အဲဒီ Lexus CT 200h Hybrid ကို စင်ကာပူဒေါ်လာ ၁၉၉၀၀၀ နဲ့ရောင်းတယ်။ ဒါက COE အတွက် ကျသင့်ငွေပဲ ပါသေးတယ်။ အာမခံအတွက် မပါသေးဘူး။ ကျပ်သိန်း ၁၂၀၀၀ ကျော် ကျသင့်တယ်။ စင်ကာပူက ကားဈေးနဲ့ ထိုင်းဈေးက နှစ်ဆလောက် ကွာတယ်။ အဲဒီ Lexus CT 200h Hybrid ကို အခု မြန်မာကို တင်သွင်းမယ်ဆိုရင် ကား ရဲ့ CIF ဈေးက ၃၄၀၀၀ လောက်ရှိမယ်။ အခွန် ၁၆၅ ရာခိုင်နှုန်း ထည့်ပေါင်းရင် အမေရိကန်ဒေါ်လာ ၉၀၀၀၀ ကျော်လောက် ကျမယ်။ ကျပ်သိန်း ၇၂၀ လောက်ပဲရှိမှာပေါ့။ အင်ဂျင်ပါဝါ မြင့်တဲ့ကားတွေ ဖြစ်တဲ့ Lexus LX 570 ဆိုရင် ထိုင်းနိုင်ငံမှာ မြန်မာငွေနဲ့ဆိုရင် ကျပ်သိန်း ၁၅၀၀ ၀န်းကျင်လောက် ရှိတယ်။ အခွန်တွေပါရင်ပေါ့။ မြန်မာကိုတင်သွင်း ရင် အခွန် ၁၆၅ ရာခိုင်နှုန်း အပါအ၀င် ကျပ်သိန်း ၁၇၀၀ ကျော်လောက် ကျနိုင်တယ်။ အဲဒီအတွက် အင်ဂျင်ပါဝါမြင့်တဲ့ ကားတွေကကျပ် သိန်း ၁၀၀၀ ကနေ ၂၀၀၀ ကြားမှာတော့ ရှိနေဦးမယ်လို့ ပြောရတာပါ” ဟု ကားတင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၌ ရှေးဟောင်း အဆောက်အအုံ အဖြစ် ထိန်းသိမ်းထားသင့်သည့် အဆောက်အအုံများစွာ ကျန်ရှိနေ

784

မြန်မာနိုင်ငံ၌ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံအဖြစ် မသတ်မှတ်သေးသော်လည်း ဗိသုကာ ပညာရပ်ဆိုင်ရာအရ ထိန်းသိမ်းထားသင့်သည့် အဆောက်အအုံများစွာ ကျန်ရှိနေကြောင်း ဗိသုကာပညာရှင်များထံမှ သိရှိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများကို ရှေးမူမပျက် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားရာ၌ ပုဂံ၊ ပင်းယ၊ အင်းဝ၊ မြောက်ဦး၊ သရေခေတ္တရာပြည်၊ စလင်း၊ စလေနှင့် မန္တလေးမြို့စသည့် ဒေသများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ဗိသုကာပညာရှင် ဦးဆန်းဦးက “လက်ရှိအချိန်မှာ ပုဂံ၊ ပင်းယ၊ အင်း ၀ စသဖြင့်ဒေသတွေက ရှေးဟောင်း အဆောက်အအုံတွေကို ထိန်းသိမ်းနိုင်ဖို့ စတင်ဆောင်ရွက်နေကြပါပြီ။ ရှေးဟောင်းစာရင်း မ၀င်သေးတဲ့၊ ရှေးဟောင်း သုတေသနဌာနက သတိမပြုမိသေးတဲ့ အဆောက်အအုံတွေ မြန်မာနိုင်ငံဒေသ တော်တော်များများမှာ ရှိနေပါသေးတယ်။ ဗိသုကာတန်ဖိုးရှိနေတဲ့ အရမ်းကို တန်ဖိုးကြီးမားပြီး ဗိသုကာရှုထောင့် အရ ထိန်းသိမ်းထားသင့်တဲ့ အဆောက်အအုံတွေ အများကြီး ရှိနေပါသေးတယ်”ဟုလည်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဦးဆန်းဦးက “နယ်တွေမှာ ဒီလိုအဆောက်အအုံ တွေရှိနေတာကို ဒေသခံတွေကမသိကြတော့ စပါးတွေဝင်လှန်းကြ၊ ပစ္စည်း တွေထားကြနဲ့ မြင်လို့မကောင်းအောင် ဖြစ်နေတယ်။ ဒါတွေကို သေချာစိစစ်ပြီး မှတ်တမ်းတင် ထားနိုင်မယ်ဆိုရင် အဖိုးမဖြတ်နိုင်တဲ့ ဗိသုကာလက်ရာ တွေနဲ့ အဆောက်အအုံတွေပါ”ဟု လည်း ပြောကြားခဲ့သည်။

ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေးလုပ်ငန်းနှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၌ ကျင်းပခဲ့ကြောင်းလည်း သိရှိရသည်။

“ရန်ကုန်မှာဆိုရင် ရှေ့နေချုပ်ရုံးကို ရှေးဟောင်း အဆောက်အအုံ အဖြစ်ထိန်းသိမ်းထားမယ် ဆိုပါတော့။ ရှေ့နေချုပ်ရုံး တစ်ခုတည်းမဟုတ်ဘဲ ဧမာနွေလဘုရားကျောင်းတို့၊ ဗစ်တိုးရီးယားပန်းခြံ (ယခုမဟာဗန္ဓုလပန်း ခြံ)တို့အထိ ပတ်ဝန်းကျင်တစ်ခုလုံးကို ထိန်းသိမ်းထားမယ်ဆိုရင် တစ်ခုချင်း ထိန်းသိမ်းတာထက် ရှေးဟောင်းနဲ့ ပတ်သက်တဲ့ atmosphere တစ်ခုလုံး ကိုရရှိနိုင်မှာပါ။ ရန်ကုန်စာတိုက်ကြီးဆိုလည်း စာတိုက်ကြီးတင် မဟုတ်ဘဲ ဆက်စပ်နေတဲ့ ဗြိတိသျှသံရုံး၊ Strand Hotel၊ သြစတြေးလျသံရုံးစတဲ့ အ၀န်းအ၀ိုင်းအထိကို ရှေးဟောင်းနယ် မြေပုံစံမျိုးထိန်းသိမ်းတာမျိုးက ပိုကောင်းပါတယ်”ဟုလည်း ရန်ကုန်မြို့မှ ရှေးဟောင်း သုတေသနဌာန အငြိမ်းစားဝန်ထမ်း တစ်ဦးက ပြောကြားခဲ့သည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

w78_05

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် နံနက် ၁၀ နာရီ ၁၀ မိနစ်က စတင်ကျင်းပခဲ့သည်။

အခမ်းအနား အစီအစဉ်အရ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေးတော်ပုံ အဆက်ဆက်တွင် ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသားလူငယ်များအား ၀မ်း နည်းသောအားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

အခမ်းအနား သဘာပတိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ''အမျိုးသားအောင်ပွဲနေ့က ပေးတဲ့ သမိုင်းသင်ခန်းစာများကို ရယူပြီး အကျိုးရှိစွာ အသုံးချလျှက် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားလူမျိုးအားလုံး သွေးစည်းညီညွတ်ရေးတို့ ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်၊ တိုင်းပြည်အတွင်း ကြုံတွေ့နေရသော အကျပ်အတည်း အခက်အခဲများကို အမြန်ဆုံး ပူးပေါင်းဖြေရှင်းကြရန် လိုအပ်နေပြီဖြစ်ကြောင်းဖြင့် ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်''ဟု အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က''ကျွန်မတို့ အမျိုးသားအောင်ပွဲနေ့ရောက်တိုင်း ရောက်တိုင်း ငါတို့ ဘာအတွက် ဟိုတုန်းက ၁၉၂၀ ခုနှစ်တုန်းက ကျောင်းသူ ကျောင်းသားတွေဟာ လုပ်ကိုင်ခဲ့တယ်ဆိုတာ ပြန်ပြီး စဉ်းစားကြည့်ရင် ကျွန်ပညာကို မ လိုလားဘူး။ ကျွန်ပညာရေးစနစ်ကို တိုက်ဖျက်တယ်ဆိုတဲ့ ဒါကတော့ ၁၉၂၀ခုနှစ်ကဖြစ်လာတဲ့တက္ကသိုလ် အက်ဥပဒေနဲ့ ပတ်သက်လို့ ငြင်း မယ်၊ ခုံမယ်ဆိုရင် ဒီအက်ဥပဒေက တကယ်ပဲ ကျွန်ပညာရေးစနစ် ပါ လားဆိုတာ ဒါကတော့ အငြင်းပွား စရာတွေ အများကြီး ရှိပါတယ်။ အဓိကကတော့ ကျွန်မတို့ရဲ့ အမျိုးသားရေးပဲ။ ပညာဆိုတာ ဘာလဲ၊ ကျွန်စိတ်မွေးဖို့ မဟုတ်ဘူး။ ပညာဆိုတာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်တဲ့ လူမျိုးတွေရဲ့ စိတ်ဓာတ်ကို မွေးပေးဖို့၊ အသိဥာဏ်တွေကို ပံ့ပိုးပေးဖို့ ဆိုတဲ့ ကျွန်မ ဒီလိုပဲ မြင် ချင်ပါတယ်။ ဒီလိုပဲ မြင်စေချင်ပါတယ်။ အဲဒီလို ပြောမယ်ဆိုလို့ရှိရင် အဲဒီလိုအမြင်နဲ့ သွားမယ်ဆိုလို့ရှိရင် ကျွန်မတို့ဟာ နေ့တိုင်းနေ့တိုင်းကို အမျိုးသားအောင်ပွဲရေး တိုက်ပွဲတွေကို ဆင်နွှဲနေရမှာပါ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် နေ့တိုင်းနေ့တိုင်းကို ကျွန်မတို့ဟာ ပညာရှာနိုင်တဲ့ အခွင့်အရေးတွေ ရှိပါတယ်။ ဒီအခွင့်အရေးတွေကို တစ်ချိန်လုံး ကျွန်မတို့ သုံးလို့ရပါတယ်'' ဟု နှုတ်ခွန်းဆက် စကားပြောကြားခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်သော (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကြေညာချက်အား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က ဖတ်ကြားခဲ့သည်။

ထို့ပြင် အညတရသူရဲကောင်း ဆု ချီးမြှင့်ခြင်းတို့ကိုလည်း ဆက် လက်ပြုလုပ်ခဲ့ရာ အဆိုပါဆုရရှိသူ များမှာ ဦးစိုင်းလှအောင် (ကျောက်ဖြူထောင်)၊ မမာမာဦး (ဗန်းမော်ထောင်)၊ ဦ၀ီရသူ (ခ) ကိုဝင်းနိုင်ဦး (မြစ်ကြီးနားထောင်)၊ ကိုသန့်ဇော် (သရက်ထောင်) တို့ဖြစ်ကြပြီး ဆုရရှိ သူများကိုယ်စား ၎င်းတို့၏ မိသားစုဝင်များ၊ ကိုယ်စားလှယ်များက ဆုလက်ခံခဲ့ကြသည်။ အဆိုပါဆုများကို ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပါတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာ့ဒီမိုကရေစီအရေး စိတ်ပါဝင်စားသူပြည်သူများ စုစုပေါင်းရာကျော် တက်ရောက်ခဲ့ကြ သည်ကိုတွေ့ရပြီး အခမ်းအနားမှာ မွန်းလွဲပိုင်းတွင် ပြီးဆုံးခဲ့သည်။