နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘော့ကားတို့ ဇွန်လ ၇ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌တွေ့ဆုံဆွေးနွေးစဉ် (ဓါတ်ပုံ။ နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်)
အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ဆိုင်းငံ့မှုများ ပြုလုပ်ပြီးနောက် သြစတြေးလျနိုင်ငံ၏ စီးပွားရေး အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းမှုသည် လာမည့် ရက်သတ္တပတ်များအတွင်း သက်ရောက်မည်ဖြစ်ကြောင်း၊ သို့ရာတွင် လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ထားမှုကိုမူ ဆက်လက်ထား ရှိသွားမည်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ကားက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
''လုပ်ဆောင်စရာများ ရှိနေသေးပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ တိုးတက်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ တိုးတက်မှုတွေကို ပိုမိုဖြစ်ထွန်းစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းရမယ့်အဆင့် ရောက်လာပါပြီ''ဟု ဘော့ကားက ပြောကြားခဲ့သည်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ကားသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လာရောက်ခဲ့သည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံမှုနှင့် ရင်းနှီးချစ်ကြည်မှုများ ပိုမိုတိုးတက်ခိုင်မြဲရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာရေး၊ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးနှင့် ငြိမ်းချမ်းရေး ရရှိပြီးသည့်ဒေသများ၌ ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးစသည့် ကဏ္ဍများတွင် ကူညီထောက်ပံ့ပေးနိုင်ရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ တပ်မတော်များအကြား ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား သြစတြေးလျနိုင်ငံသို့ လာရောက်လည်ပတ်ရန် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ကားက ဖိတ်ခေါ်ခဲ့သည်။
သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံသို့ နှစ်စဉ်ပေးအပ်နေသည့် အကူအညီ အထောက်အပံ့များကို ၂၀၁၅ ခုနှစ်အရောက်တွင် အမေရိကန်ဒေါ်လာ ၉၉ သန်းသို့ တိုးမြှင့်သွားမည်ဖြစ်သည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်