ဒီမိုကရေစီသစ် ပါတီခေါင်းဆောင်နှင့် Democracy Left ပါတီခေါင်းဆောင်တို့ ဂရိလွှတ်တော်တွင် ဇွန်လ ၁၈ ရက်က တွေ့ဆုံ ဆွေးနွေးစဉ်
ဒီမိုကရေစီသစ် ပါတီခေါင်းဆောင် Antonis Samaras က ယခုရွေးကောက်ပွဲမှာ ဂရိပြည်သူများက ယူရိုဇုန်အတွင်း ဆက်လက်နေထိုင်ရန် ဆန္ဒကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပြီး ယူရိုဇုန်အတွက် အရေးပါသော အစိတ်အပိုင်းတစ်ရပ်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း၊ ယခုအောင်ပွဲမှာ ဥရောပတစ်ခုလုံးအတွက် အောင်ပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
မဲအားလုံးနီးပါး ရေတွက်ပြီးချိန်တွင် ဒီမိုကရေစီသစ်ပါတီက မဲ ၃၀ ရာခိုင်နှုန်း နီးပါးရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းမှာ အမတ် ၃၀၀ ရှိသော လွှတ်တော်တွင် အမတ်နေရာ ၁၂၉ နေရာ ရရှိခြင်းဖြစ်သဖြင့် အခြားပါတီများနှင့် ညွန့်ပေါင်းဖွဲ့ရမည့် အခြေ အနေ ပြန်ဖြစ်လာခဲ့သည်။
မေလက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအပြီးတွင်လည်း မည်သည့်ပါတီမှ အစိုးရဖွဲ့ ရန်လိုအပ်သော အမတ်နေရာမရသဖြင့် ညွန့်ပေါင်းဖွဲ့ရန် ဆွေးနွေးမှုများမှာ မအောင်မြင်ဖြစ်ခဲ့ပြီး နောက်ဆုံးတွင် ရွေးကောက်ပွဲ နောက်တစ်ကြိမ် ပြုလုပ်ရသည်အထိ အခြေအနေ ဆိုးလာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာ ငွေကြေးအကူအညီများ ရယူမှုကို ကန့်ကွက်သော လက်ဝဲယိမ်း Syriza ပါတီခေါင်းဆောင် Alexis Tsipras က အနိုင်ရခဲ့သော ဒီမိုကရေစီသစ်ပါတီကို ဂုဏ်ပြုခဲ့သည်။ သူ၏ပါတီမှာ မဲ ၂၇ ရာခိုင် နှုန်းနီးပါး ရရှိခဲ့ပြီး အမတ်နေရာ ၇၁ နေရာအထိ ရရှိနိုင်ကြောင်း သိရသည်။သူ၏ပါတီက နိုင်ငံတကာ အကူအညီများကို ရယူခြင်းမရှိသော မူဝါဒ ဆက်လက်ကိုင်စွဲပြီး အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဟု ကြေညာခဲ့သည်။ ဆိုရှယ်လစ်ဝါဒီ Pasok ပါတီမှာ မဲ ၁၂ ရာခိုင်နှုန်းရရှိခဲ့ပြီး အာဏာရ ညွန့်ပေါင်းအစိုးရတစ်ရပ် အလျင်အမြန် ဖွဲ့စည်းရေးအတွက် လိုအပ်နေကြောင်း တိုက်တွန်းခဲ့သည်။
စောင့်ကြည့်ခံရသော ဂရိရွေးကောက်ပွဲအပြီးတွင် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ ဖိအားများကြောင့် ယူရိုဇုန်တွင် ဆက်နေရန် ထောက်ခံသည့် ဒီမိုကရေစီသစ်ပါတီသည် Pasok ပါတီ၊ Democratic Left ပါတီတို့နှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ရေးအတွက် ဆွေးနွေးခဲ့ရာ ဇွန်လ ၁၉ ရက်တွင် သဘောတူညီချက်ရရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
Ref:CNN;AFP












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်