အီဂျစ်သမ္မတလောင်း အာမက်ရှာဖစ်(မူဘာရက်လက်ထက် ၀န်ကြီးချုပ်ဟောင်း)ကို တရားရုံးချုပ်ရှေ့တွင် ဇွန်လ ၁၄ ရက်က ကန့်ကွက် ဆန္ဒပြနေမှုအား ရဲများက ဟန့်တားနေစဉ်
အီဂျစ်တွင် နှစ်ရက်ကြာသမ္မတ ရွေးကောက်ပွဲအပြီး ဇွန်လ ၁၈ ရက် တွင် စစ်ဘက်ကောင်စီက ယင်းအမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လွှတ်တော် ဖျက်သိမ်းထားပြီး အခြေခံဥပဒေ လည်း မရှိသေးသောကြောင့် သမ္မတ ရွေးကောက်ပွဲပြီးဆုံးသွားသော်လည်း သမ္မတအခွင့်အာဏာနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမသိရသေးပေ။
အခြေခံဥပဒေသစ် ရေးဆွဲပြီးစီးသည့်အချိန်နှင့် လွှတ်တော်သစ် ခေါ်ယူနိုင်သည့်အချိန်အထိ အီဂျစ်စစ်ဘက်ကောင်စီက ၎င်းတို့သည် ဥပဒေပြုခွင့်အာဏာအပြည့်အ၀ရှိသော အဖွဲ့အစည်းအဖြစ် ရှိနေမည်ဖြစ်သလို ရသုံးငွေဆိုင်ရာ ဆုံးဖြတ်ချက်ချနိုင်သော အခွင့်အာဏာကိုလည်း ရယူထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ စစ်ဘက်ရေးရာနှင့် ဆက်နွှယ်သော ကိစ္စအားလုံးကို စစ်ဘက်ကောင်စီက ဆုံးဖြတ်မည်ဖြစ်သလို စစ်ဘက်ခေါင်းဆောင်များကိုလည်း ၎င်းတို့ကိုယ်တိုင် ခန့်အပ်မည်ဖြစ်သည်။ သမ္မတသည် စစ်ကြေညာရန် အခွင့်အာဏာရှိသော်လည်း SCAF ၏ အတည်ပြုချက် ရရှိရန် လိုအပ်သည်။
SCAF ၏ အမိန့်အရ အခြေခံဥပဒေသစ်ကို သုံးလအတွင်း ရေးဆွဲရမည်ဖြစ်ပြီး သမ္မတသည် လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်ရန် ရက်သတ်မှတ်ရမည်ဖြစ်သည်။ သမ္မတတွင် အစိုးရတာဝန်ရှိသူများနှင့် သံအမတ်ကြီးများကို ခန့်အပ်နိုင်သော အခွင့်အာဏာ ရရှိမည်ဖြစ်သည်။
သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် မွတ်စလင်ဘရားသား ဟုဒ်ကိုယ်စားပြု ကိုယ်စားလှယ် မိုဟာမက်မော်ဆီက သူအနိုင်ရကြောင်း တရားဝင်ရလဒ် မထုတ်ပြန်မီ ကြေညာခဲ့သည်။ ရှာဖစ်ကမူ သူရှုံးနိမ့်ကြောင်း မကြေညာသေးဘဲ မဲရေတွက်မှု မပြီးသေးကြောင်း ပြောကြားခဲ့သည်။ ဇွန်လ ၁၈ ရက်တွင် နိုင်ငံပိုင်ရုပ်သံ Al-Ahram ၏ တရားဝင် မဟုတ်သေးသော ထုတ်ပြန်မှုအရ မော်ဆီက မဲ ၁၁ ဒသမ ၂ သန်းရရှိထားပြီး ရှာဖစ်မှာ မဲ ၁၀ ဒသမ ၃ ရာခိုင်နှုန်း ရရှိထားသည်။
Ref:CNN












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်