Wednesday, May 30, 2012

မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေကို ပို၍ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ရန် လေ့လာလိုသဖြင့် ထိုင်းနိုင်ငံ မဟာချိုင်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့


MWRN Learning Center သို့ ရောက်ရှိလာစဉ်
မေလ ၂၉ ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃၀ ရက်နေ့တွင် ဘန်ကောက်မြို့အနီးရှိ မဟာချိုင်သို့ သွားရောက်ခဲ့ပါသည်။
မဟာချိုင်သို့ သွားရောက်ခဲ့ရသည့် အကြောင်းအရင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခြေအနေကို လေ့လာလို၍ဖြစ်ပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ရန်အတွက် လေ့လာခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က  မဟာချိုင်သို့ ရောက်ရှိခဲ့ပြီးနောက် မြန်မာအလုပ်သမားများအား ပြောကြားခဲ့သော မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ပါသည်။

''ဒီကိုလာတာ အဓိကက မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို သိချင်လို့။ အခြေအနေကို သိချင်တယ်ဆိုတာ ဒီအခြေအနေကို ကောင်းသွားအောင်လို့ ဘယ်လိုလုပ်မလဲဆိုတာ လေ့လာခြင်း ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးရဲ့ အန္တိမ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေ ပြန်လာချင်တဲ့အခါ ပြန်လာချင်တဲ့ အခြေအနေ ဖန်တီးဖို့ပါပဲ။ ဒီလို အခြေအနေတွေ ဖန်တီးချင်တယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံ မဟာချိုင်ဒေသတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေအတွက် နှစ်သိန်းကျော်ရှိနေပြီး ထိုင်းနိုင်ငံရောက် မြန်မာများ၏ မြို့တော်ဟုပင် ထိုင်းလူမျိုးများက သတ်မှတ်ထားသည့် ဒေသဖြစ်ပါသည်။  မဟာချိုင်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့်သတင်းကြောင့် မြန်မာအလုပ်သမားအများစုမှာ အလုပ်မှခွင့်ယူပြီး ကြိုဆိုခဲ့ကြကာ လူဦးရေ အရေအတွက် များပြားသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်နေသကဲ့သို့ပင် ခံစားရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချခဲ့ပါသည်။
''ကိုယ့်နိုင်ငံမဟုတ်တဲ့ တခြားနိုင်ငံမှာ အလုပ်လာလုပ်တဲ့အခါ သတိပြုမိဖို့ လိုတာလေးတွေ ရှိတယ်။ နံပါတ်တစ်က ဘာလဲဆိုတော့ ကိုယ်လုပ်တဲ့အလုပ်မှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ တာဝန်သိသိနဲ့ လုပ်ရမယ်။  အဲဒီလိုလုပ်မှ ဒီကနိုင်ငံသားတွေကလည်း ကိုယ့်ကို လေးစားမှာ။ ဒါက အရေး ကြီးတယ်။ ဘာပဲပြောပြော အိမ်ရှင်နိုင်ငံကို ကျွန်မတို့ဟာ ယဉ်ယဉ်ကျေးကျေးနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်။ ပထမဦးဆုံး အလုပ်ကတော့ ကိုယ့်ရဲ့အလုပ်ကို ကျွမ်းကျင်မယ်။ ကိုယ်ရဲ့တာဝန်ကို သိမယ်ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို အားလုံးကနေပြီးတော့ လေးစားမယ်၊ တန်ဖိုးထားမယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့ပါသည်။
ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးကို ဥပဒေဘောင်များအတွင်းမှ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများကို မည်သည့်အခါမျှ မမေ့ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။
''ဘာပဲပြောပြော ရွှေ့ပြောင်း အလုပ်သမားတွေတင် မကဘူး၊ အလုပ်သမားအားလုံးရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို ဥပဒေဘောင်အတွင်းကနေ ကာကွယ်စောင့်ရှောက်ရမယ်။ ဒီလို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ စနစ်တကျနဲ့ အေးအေးချမ်းချမ်း လုပ်စေချင်တယ်။ ကျွန်မတို့ဟာ မျက်နှာငယ်စရာ၊ အားငယ်စရာ မလိုဘူး။ သမိုင်းဆိုတာ အမြဲတမ်း ပြောင်းလဲနေတာပဲ။ ဒီအချိန်အခါမှာ ကျွန်မတို့ နိုင်ငံသားတွေက ဒီနိုင်ငံကိုလာပြီး လုပ်နေရတယ်ဆိုပေမယ့် ကျွန်မတို့နိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ ကျွန်မတို့ရဲ့နိုင်ငံသားတွေရဲ့ တန်ဖိုးကလည်း တက်လာမှာပဲဆိုတာ ယုံကြည်ကြပါ။ ကျွန်မတို့အနေနဲ့ တတ်နိုင်သမျှ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ဘယ်လိုရအောင် ကျွန်မတို့ ဒါကိုလေ့လာပြီးတော့ မျှမျှတတဖြစ်အောင် ကြိုးစားပါမယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ ကိုယ့်တာဝန်တော့ ကိုယ်ကျေပွန်အောင် ထမ်းဆောင်ရမှာပဲ။ တာဝန်ဆိုတာဟာ ကိုယ့်ရဲ့ အမိနိုင်ငံအပေါ်မှာလည်း တာဝန်ရှိတယ်။ ကိုယ့်ရဲ့ အိမ်ရှင်နိုင်ငံအပေါ်မှာလည်း တာဝန်ရှိတယ်။ ဘာပဲပြောပြော ဟိုဘက် ဒီဘက်မြင်တဲ့ အမြင်ရှိမှ ကျွန်မတို့ အဆင်ပြေအောင် လုပ်နိုင်မှာပါ။ ကျွန်မတို့ မမေ့ထားဘူးဆိုတာကိုတော့ ဘယ်တော့မှ သံသယမရှိပါနဲ့။ ကျွန်မတို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဘယ်တော့မှ မမေ့ထားပါဘူးလို့ ပြောပါရစေ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည်  မဟာချိုင်၌ နေရာနှစ်နေရာ သွားရောက်ခဲ့ပြီး ပထမ သွားရောက်ခဲ့သည့်နေရာမှာ Talaat Kung (ပုစွန်ဈေး) ဖြစ်ပါသည်။ ထိုနောက် MWRN Learning Center သို့ သွားရောက်ခဲ့ပြီး ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား မိန့်ခွန်းပြော ကြားခဲ့ခြင်းဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီးဆစ် ၀ိဇ္ဇာဇီဝက ပြောကြားခဲ့



b5_9_17_1
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘီဆစ် ၀ိဇ္ဇာဇီဝတို့ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံစဉ် Photo: AFP

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘီဆစ် ၀ိဇ္ဇာဇီဝတို့သည် မေလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်က ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံမှုသည့် သီးသန့်အနေဖြင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး  သတင်းထောက်များကို သတင်းရယူ မပြုခဲ့ပေ။ သို့သော် ဆွေးနွေးမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီဆစ် ၀ိဇ္ဇာဇီဝက ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စောင့်ဆိုင်းနေသော ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီးဆစ်
အထူးသဖြင့် စီးပွားရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၌ စီးပွားရေးနှင့် ပတ်သက်သော ဥပဒေများ၊ ရင်းနှီးမြုပ်နှံမှု ဥပဒေများ ပေါ်ထွက်မှု အားနည်းနေခြင်းက ပြောင်းလဲမှုအတွက် လိုအပ်ချက်ဖြစ်နေသေးသည် အဘီးဆစ်က ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဘီးဆစ်တို့သည် မေလ ၃၁ ရက်နေ့တွင် တွေ့ဆုံရန် မူလက စီစဉ်ခဲ့ပြီးနောက် မေလ ၃၀ ရက်နေ့တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃၁ရက်နေ့တွင် World Economic Forum on East Asia 2012 သို့ တက်ရောက်မည်ဖြစ်ပြီး ထိုညနေပိုင်းတွင် ပြုလုပ်မည့် ညစာစားပွဲ၌ ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်နှင့် တွေ့ဆုံမည်ဖြစ်ပါ သည်။ ထို့နောက် ဇွန်လ ၁ရက်နေ့တွင် World Economic Forum on East Asia 2012  ၌ မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး မေလ ၂ရက်နေ့တွင် မယ်လ ဒုက္ခသည်စခန်းသို့ သွားရောက်မည်ဖြစ်ပါသည်။

 ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇ ဦးတို့ သီခြားတွေ့ဆုံပြီး အလုပ်သမားရေးရာ ကိစ္စရပ်များဆွေးနွေး


ထိုင်းနိုင်ငံသို့ ရောက်ရှိလာစဉ်
MWRN Learning Center သို့ ရောက်ရှိလာစဉ်
မဟာချိုင်ရှိ Talaat Kung (ပုစွန်ဈေး)သို့ ရောက်ရှိစဉ်
မဟာချိုင်ရှိ Talaat Kung (ပုစွန်ဈေး)သို့ ရောက်ရှိစဉ်
မဟာချိုင်ရှိ Talaat Kung (ပုစွန်ဈေး)သို့ ရောက်ရှိစဉ်
MWRN Learning Center မှ မိန့်ခွန်းပြောကြားစဉ်
MWRN Learning Center သို့ မြန်မာရွေ့ပြောင်း အလုပ်သမားများနှင့် တွေ့ဆုံနေစဉ်
MWRN Learning Center သို့ မြန်မာရွေ့ပြောင်း အလုပ်သမားများနှင့် တွေ့ဆုံနေစဉ်
မဟာချိုင်ရှိ Talaat Kung (ပုစွန်ဈေး)မှ ထွက်ခွာစဉ်
မေလ ၃၀ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဟာချိုင်သို့ သွား ရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် လုပ်ငန်းပေါင်းစုံမှ ရွေ့ပြောင်း အလုပ်သမား ၂၇ ဦးနှင့် သီးခြားတွေ့ဆုံပြီး အလုပ်သမားရေးရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မဟာချိုင်ရှိ မြန်မာရွေ့ပြောင်း အလုပ်သမားများအား မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် MWRN Learning Center ၌ပင် တွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

''ဒီက အလုပ်သမားရေးရာ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးတာပါ။ လုပ်ငန်းပေါင်းစုံက အလုပ်သမား ကိုယ်စားလှယ် ၃၀ဦးနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ၂၇ဦးပဲ တက်ရောက်နိုင်ခဲ့ပါတယ်''ဟု မဟာချိုင်ရှိ HRDP(Human Right Dev elopment Foundation) မှ ဦးတိုးက ပြောပါသည်။

''ဒီမှာရှိနေတဲ့ အလုပ်သမားတွေရဲ့ ထိခိုက်ဒဏ်ရာရမှု အခြေအနေတွေ၊ အလုပ်ရှင်နဲ့ အလုပ်သမားကြားက ပြဿနာတွေ၊ လူမျိုးရေး နှိမ့်ချဆက်ဆံခံရခြင်းတွေ၊ ခွဲခြားဆက်ဆံခံရခြင်းတွေ၊ နောက်ပြီး မိန်းကလေးတွေ အနိုင်ကျင့်ခံရတာနဲ့ ပတ်သက်တဲ့အကြောင်းတွေကို ဆွေး  နွေးခဲ့ပါတယ်''ဟု ဦးတိုးက ဆက်လက်ပြောပြသည်။
ဆွေးနွေးမှုများအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ချက် နှစ်ခုပေးခဲ့ပြီး မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် ပြဌာန်းထားသော ဥပဒေများကို နားမလည်မှုများသည်ဟု ယူဆရကြောင်းနှင့် ထိုင်းအစိုးရ ဘက်ကလည်း မြန်မာအလုပ်သမားများ နားလည်အောင် အသိပညာပေးမှု အားနည်းခဲ့သည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်ပါသည်။

အလုပ်သမားများ ဆန္ဒထုတ်ဖော်နေသည့် လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံများသို့ ကိုမင်းကိုနိုင် ဒုတိယအကြိမ်မြောက် သွားရောက်


ကိုမင်းကိုနိုင်မှ အလုပ်သမားများအား လာရောက်တွေ့ဆုံစဉ်
လှိုင်သာယာစက်မှုဇုန်အလုပ် သမားဆန္ဒထုတ်ဖော်နေသည့် စက်ရုံများသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဒုတိယအကြိမ် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုမင်းကိုနိုင်သည် မေလ ၂၁ ရက်နေ့တွင် Hi Mo ဆံပင်တုစက်ရုံ၊ ပုလဲ၊ စပယ်ပွင့်၊ YJ နှင့် နေမင်းအောင် အထည်ချုပ်စက်ရုံများသို့ သွားရောက်ပြီး ဆန္ဒထုတ်ဖော် စက်ရုံအလုပ်သမားများအား အကြမ်းဖက်မှုများ မပြုလုပ်ဘဲ ငြိမ်းအေးစွာဖြင့် မိမိတို့ဆန္ဒကို တောင်းဆိုရန်၊ အချင်းချင်း ညီညွတ်ကြရန်၊ စည်းကမ်းရှိရှိ သစ္စာရှိရှိဖြင့် ငြိမ်းအေးစွာ ဆန္ဒထုတ်ဖော်တောင်းဆိုကြရန် ပြောကြားကြောင်း သိရသည်။
ဒုတိယအကြိမ် သွားရောက်သည့် မေလ ၃၀ ရက်နေ့တွင် အလုပ်သမားများ ကြုံတွေ့နေရသည့် အခြေအနေများအား မေးမြန်းကာ အလုပ်သမားနည်း ဥပဒေများနှင့်ပတ်သက်၍ လည်းကောင်း၊ အလုပ်သမားများ ဆက်လက်လုပ်ဆောင်သင့်သည့် အချက်များနှင့်လည်းကောင်း အားပေးစကား ပြောကြားခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့်လည်း ဆန္ဒထုတ်ဖော် အလုပ်သမားများအား တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
မေလ ၃၀ ရက်နေ့တွင် Hi Mo  ဆံပင်တုစက်ရုံ၊ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ၊ စန္ဒီနှင့် မြန်မာစန္ဒီ အထည်ချုပ်စက်ရုံများသို့ သွားရောက်ခဲ့ပြီး လိုအပ်ပါက အခြားစက်မှုဇုန်ရှိ ဆန္ဒထုတ်ဖော်စက်ရုံများသို့လည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

 လမ်းမတော်မြို့နယ် ၇ လမ်းရှိ တိုက်ခန်းတစ်ခုအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အခန်းအတွင်း ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံး


သေဆုံးသူ၏ အလောင်းအား ကားပေါ်သို့ တင်ဆောင်နေစဉ်
၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် လမ်းမတော်မြို့နယ် ၇ လမ်း တိုက်အမှတ် ၇၆(အေ) သုံးလွှာတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ခန်းအတွင်း၌ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးနေရာ သေဆုံးပုံမှာ မသင်္ကာစရာများ တွေ့ရှိနေရခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များအပြင် မှုခင်းတပ်ဖွဲ့(CID)မှ တာ ၀န်ရှိသူများလာရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးတွေ့ရှိချက်များအရ သေဆုံးသူတွင် ဦးခေါင်းဒဏ်ရာများ ရရှိနေသည်ကိုတွေ့ရကြောင်း၊ သေဆုံးရသည့်အကြောင်းအရင်းကို အတည်မပြုနိုင်သေးကြောင်းနှင့် ဆေးရုံမှ စစ်ဆေးချက်ထွက်ပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း (CID) မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
''နောက်စေ့မှာတော့ ဒဏ်ရာရထားတာ တွေ့ရတယ်။ ဒဏ်ရာက မီးမလောင်ခင်က ရတဲ့ ဒဏ်ရာလား မီးလောင်နေချိန်မှာ ရတဲ့ဒဏ်ရာလားဆိုတာ မသိရသေးပါဘူး။ လောလောဆယ်တော့ ဘာမှထင်မြင်ချက် မပေးလိုပါဘူး''ဟု CID မှ ရဲအုပ်မိုးဝင်းက ပြောပါသည်။

သေဆုံးသူ မိန်းကလေးမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူတစ်ဦးဖြစ်ပြီး၊ ယခုတိုက်ခန်းသို့ လွန်ခဲ့သည့် တစ်လကျော်ကမှ ပြောင်းရွှေ့ နေထိုင်လာကြသူများဖြစ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားသည့် အချိန်မှာ အဆိုပါလမ်းအတွင်း မီးပျက်နေသည့်အချိန်ဖြစ်ကြောင်း လမ်းမတော် ၇ လမ်းအတွင်း နေထိုင်သူများထံမှ သိရသည်။
''မီးလောင်မှုနဲ့ ပတ်သက်ပြီးတော့လည်း သံသယဖြစ်ရာတွေတွေ့ရလို့ အကြောင်းအရင်းမှန်ကို စစ်ဆေးသွားမှာပါ။ ဆုံးရှုံးမှုတန်ဖိုးကတော့ ငါးထောင်ပဲ သတ်မှတ်ထားပါတယ်''ဟု မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍  လမ်းမတော်မြို့နယ်ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

ယူနီဆက် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာဒန်နီရယ်တူး(လ်)နှင့် တွေ့ဆုံခြင်း


'ငြိမ်းချမ်းရေးဟာ ကလေးသူငယ်တွေ အသက်ရှင်သန်ဖို့အတွက် အကောင်းဆုံးပါပဲ'
မြန်မာကလေးသူငယ်များအား ထိရောက်စွာ ကူညီနိုင်ရေးအတွက် ယူနီဆက် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာဒန်နီရယ်တူး(လ်)သည် မြန်မာနိုင်ငံသို့ မေလ ၁၄ ရက်နေ့မှ ၁၈ရက်နေ့အထိ အလည်အပတ်ခရီး လာရောက်ခဲ့သည်။ ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ယူနီဆက်နှင့် လုပ်ငန်းများ လက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ၀န်ကြီးများ ၊ လုပ်ငန်း တွဲဖက် ဆောင်ရွက်နေသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ယခုနှစ်ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့်သက်ဆိုင်သည့် လုပ်ငန်းများ၊ ဆွေးနွေးချက်များကို သိရှိနိုင်ရန်အတွက် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည် ဖော်ပြအပ်ပါသည်။
မေး ။ ပထမဦးဆုံးအနေနဲ့ ခရီးစဉ်အတွင်း အစိုးရ အကြီးအကဲတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနက ၀န်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးမှုမှာ ဘယ်ကဏ္ဍတွေ ပါဝင်ခဲ့သလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ပထမဦးဆုံး နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အပါအ၀င် အစိုးရဌာနအသီးသီးက ၀န်ကြီးတွေနဲ့ မြန်မာနိုင်ငံမှာ အခုလို နိုင်ငံတကာက ဧည့်သည်တော်တွေကို ထူးခြားတဲ့အချိန်မျိုးမှာ တွေ့ဆုံခွင့် ရတဲ့အတွက် အထူးဂုဏ်ယူဝမ်းမြောက် မိကြောင်း ပြောချင်ပါတယ်။ ဒုတိယသမ္မတရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကိုလည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ ကို ဆက်လက်ပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားမယ်လို့ သိရတဲ့အတွက် ကျေနပ်မိပါတယ်။ ယူနီဆက်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေနဲ့ ပြည်သူတွေအတွက် နှစ်ပေါင်းကြာမြင့်စွာ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ် သုံးပုံတစ်ပုံက အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရတဲ့အတွက် ကလေးသူငယ်များအတွက် အာဟာရ ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် ဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်တွေ၊ အရည်အသွေး ကောင်းမွန်တဲ့ အခြေခံမူလတန်းပညာရေးကို ကလေးအားလုံး လက်လှမ်းမီရရှိစေဖို့ အရေးကြီးပုံတွေ၊ ကလေးတွေအားလုံး မူလတန်းပညာရေး ဆုံးခန်း တိုင်ပြီးစီးအောင် ထားနိုင်ရေး စတာတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကလေးသူငယ် လူကုန်ကူးခံရမှုနဲ့ အိတ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ခံရမှု ကြိုတင်ကာကွယ်တားဆီးရေးအတွက် ဆောင်ရွက်ရမယ့်နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှု ရလဒ် တွေအားလုံး ကတကယ့်ကို အပြုသဘောဆောင်ပါတယ်။
မေး ။ မြန်မာနိုင်ငံကို လာရတဲ့ ရည်ရွယ်ချက်ကိုလည်း သိချင်ပါတယ်။
ဖြေ ။ ကျွန်တော် မြန်မာနိုင်ငံကို လာရတဲ့ အဓိက ရည်ရွယ်ချက်က ပြောင်းလဲမှုတွေကနေ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ဖို့အတွက် ယူနီဆက်ရဲ့ ဆက်လက် ကူညီပံ့ပိုးမှုတွေကို ထပ်လောင်းရှင်းပြဖို့အတွက် အစိုးရလူကြီးတွေနဲ့ တွေ့ဆုံဖို့ လာရောက်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝန်းမှာ ယူနီဆက်ရဲ့အကူအညီတွေ လိုအပ်နေတဲ့ ကလေးသူငယ်တွေကို အခုလို ပြောင်းလဲမှုကာလအတွင်းမှာ အပြည့်အ၀ ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် ယူနီဆက်မြန်မာ ၀န်ထမ်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ လာရောက်ရတာ ဖြစ်ပါတယ်။ ပြီးတော့ ဘေးအန္တရာယ် ကျရောက်မှုကြောင့် အဆက်ပြတ်နေတဲ့ဒေသတွေမှာ ကူညီထောက်ပံ့မှုတွေကို ဆက်လက် ပေးအပ်သွားဖို့အတွက် လိုအပ်ချက်တွေကို ဆွေးနွေးဖို့ မြန်မာ နိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ အခြားအေဂျင်စီတွေနဲ့လည်း သီးသန့် တွေ့ဆုံခဲ့ပါတယ်။
မေး ။ ခရီးစဉ်အတွင်း မန္တလေးမှာကျင်းပတဲ့ အလှူရှင်များ ညီလာခံမှာ ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲရဲ့ ရလဒ်တွေကိုလည်း ပြောပြပေးပါ။
ဖြေ ။ မန္တလေးမှာ ကျင်းပခဲ့တဲ့ အလှူရှင်များ ညီလာခံက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ အလှူရှင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုတွေကို ပြန်ပြီး ကတိက၀တ် ပြုနိုင်ဖို့အတွက် အကြံဉာဏ်ယူတဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကူညီပေးနေတဲ့ အလှူရှင်တွေအားလုံးက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေ ဒီပြောင်းလဲမှု ဖြစ်စဉ်တွေ ပေါ်ပေါက်အောင် ဆောင်ရွက်နေတဲ့ အစိုးရရဲ့ ဦးဆောင်မှုကဏ္ဍအပေါ် များစွာ အပြုသဘောမြင်နေပါတယ်။
မေး ။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အချက်အလက်တွေကိုလည်း ပြောပြပေးပါ။
ဖြေ ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ကလေးသူငယ်တွေ လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီး စိတ်ဝင်စားပါတယ်။ ကလေးသူငယ်တွေနဲ့ လူငယ်တွေ အခွင့်အလမ်းတွေ တိုးတက်ဖို့အတွက်လည်း စိတ်ဝင်စား တယ်ဆိုတာ သတိပြုမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ရေကောင်းရေသန့် ရရှိရေး၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်ဖို့ လိုအပ်ချက် တွေကို ဆွေးနွေးခဲ့ပါတယ်။ ကလေးတွေ သင်ယူနိုင်အောင်၊ မေးခွန်းတွေ ထုတ်နိုင်အောင်၊ နားလည်သဘောပေါက်နိုင်အောင် အားပေးမယ့် အရည်အသွေးကောင်းမွန်တဲ့ အဆင့်မီပညာရေးအတွက် လိုအပ်ချက်တွေကို လည်း သူမက ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ပညာသင်ယူနေတဲ့ ကလေးသူငယ်တွေ အတော်များများနဲ့ သာတူညီမျှရှိပြီး ရေရှည်သင်ကြားနိုင်တဲ့ ပညာရေး အတွက် သူတို့ရဲ့ လိုအပ်ချက်တွေကို သတိပြုဖို့ အကြံပြုခဲ့ပါတယ်။ သူမဟာ မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ သူတစ်ဦးလည်းဖြစ်၊ လွှတ်တော်အမတ်လည်းဖြစ်တဲ့အတွက် သူမရဲ့အခန်းကဏ္ဍက အလွန်ကြီးမားပါတယ်။ ကျွန်တော်တို့ ယူနီဆက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အခြားသူတွေနဲ့ပါ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို အနာဂတ်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာ ဦးစားပေး ပူးပေါင်းဆောင်ရွက်လို့ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။
မေး ။ ယူနီဆက်အနေနဲ့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲအတွက် ဘယ်လို အကူအညီတွေပေး နေပါသလဲ။
ဖြေ ။ ယူနီဆက်က ကချင်ပြည်နယ်မှာ ပဋိပက္ခတွေ စတင်ဖြစ်ချိန်ကစပြီး ကလေးသူငယ်တွေနဲ့ စစ်ရှောင်ပြည်သူတွေကို အကူအညီတွေ ပေးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကာကွယ် ဆေးထိုး ဆေးတိုက် ကျွေးရေး၊ ကျန်းမာရေး၊ အာဟာရ ဖွံ့ဖြိုးရေး စတာတွေကို ကူညီပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့လက လူသားချင်း စာနာထောက်ထားရေး ယာဉ်တန်းနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ဝေငှပေးခဲ့တယ်။ သူတို့ ဘယ်နေရာပဲ ရောက်နေရောက်နေ ကလေးတွေမှာ တူညီတဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် ယူနီဆက်က အကူအညီတွေကို ဆက်  လက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ကူညီထောက်ပံ့ဖို့ အားလုံးကို တိုက်တွန်းပါတယ်။ ငြိမ်းချမ်းရေးဟာ ကလေးသူငယ်တွေ အသက်ရှင်သန်ဖို့အတွက် အကောင်းဆုံးပါပဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။
မေး ။ လူကြီးမင်းအနေနဲ့ ယခုလာရောက်ခဲ့တဲ့ ခရီးစဉ်အပေါ် သုံးသပ်ချက်ကိုလည်း သိချင်ပါတယ်။
ဖြေ ။ ဒီခရီးစဉ်ဟာ အကျိုးရှိတဲ့ ခရီးစဉ်တစ်ခုပါပဲ။ မြန်မာနိုင်ငံက အဆင့်မြင့်တဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရတာ သူတို့ရဲ့ ဆန္ဒနဲ့ ခံယူချက်တွေဟာ အနာဂတ်မြန်မာနိုင်ငံ ကလေးသူငယ်တွေနဲ့ လူငယ်တွေအတွက် အများကြီး အကောင်းမြင်ပါတယ်။ မြန်မာနိုင်ငံမှာ ကလေးသူ ငယ် အခွင့်အရေးတွေကို အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။
မစ္စတာဒန်နီရယ်တူး(လ်)၏ ကိုယ်ရေးအကျဉ်း
အမည် ။ မစ္စတာဒန်နီရယ်တူး(လ်)
မွေးဖွားရာဇာတိ ။ အမေရိကန်ပြည်ထောင်စု
တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ရာထူးများ ။ နယူးယောက်မြို့ရှိ ယူနီဆက်ရုံးချုပ်တွင် အရေးပေါ်လုပ်ငန်း အစီအစဉ် ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ နီပေါနိုင်ငံ ခေတ္တမဒူမြို့တွင် ယူနီဆက် တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း စသည့် တာဝန်များဖြင့် နှစ်ပေါင်း ၂၀ ကျော် ယူနီဆက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
လက်ရှိ တာဝန်ထမ်းဆောင်သည့် ရာထူးနှင့် လုပ်ဆောင်ချက်များ ။ မစ္စတာဒန်နီရယ်တူး(လ်)သည် ယူနီဆက် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် ယခုနှစ်အစောပိုင်းမှ စတင် တာဝန် ထမ်းဆောင် ခဲ့ကြောင်း၊ ၎င်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက်၍ မြန်မာနိုင်ငံအပါအ၀င် အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံပေါင်း ၂၈ နိုင်ငံအတွက် ဖွင့်လှစ်ထားသည့် ယူနီဆက်ရုံးခွဲ ၁၄ ခုအတွက် မူဝါဒ ချမှတ်ရေးဆွဲရေး၊ လုပ်ငန်းအစီအစဉ် ပေါင်းစည်းရေး၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပညာပေး စည်းရုံးရေး စသည့် လုပ်ငန်းတာဝန်များကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

 အစိုးရသစ်လက်ထက် တစ်နှစ်အတွင်း ပြည်တွင်းကုမ္ပဏီသစ် ၅၅၀၀ ကျော်နှင့် နိုင်ငံခြားကုမ္ပဏီ ၃၁ ခု ထပ်မံဝင်ရောက် နိုင်ငံခြားကုမ္ပဏီသစ်များ၌ တရုတ်ကုမ္ပဏီများ အများဆုံးဖြစ်ပြီး လျှပ်စစ်နှင့် သဘာဝ သယံဇာတကဏ္ဍတွင် မြှုပ်နှံခွင့်ပြုထား

တရုတ်-မြန်မာနယ်စပ်ရှိ ပိုက်လိုင်းစီမံကိန်းတစ်ခုအား မြင်တွေ့ရစဉ်
အစိုးရသစ်လက်ထက်တွင် ကုမ္ပဏီသစ် ၅၆၀၀ နီးပါးတိုးလာခဲ့ ပြီး ပြည်တွင်း ကုမ္ပဏီသစ် ၅၅၀၀ ကျော်နှင့် နိုင်ငံခြားကုမ္ပဏီ ၃၁ ခု အသစ်တိုးလာခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

နိုင်ငံခြား ကုမ္ပဏီသစ်များ တိုးလာမှုတွင် တရုတ်ကုမ္ပဏီများသာ အများဆုံးဖြစ်ပြီး အဆိုပါ တရုတ်ကုမ္ပဏီများထဲတွင် အများစုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှတစ်ဆင့် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုတွင်းထွက်ကဏ္ဍများ တွင်သာ မြှုပ်နှံခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင်မူ တရုတ်ကုမ္ပဏီသစ်များ ၀င်ရောက်မြှုပ်နှံမှုမှာ အနည်းအကျဉ်းသာရှိပြီး မရှိသလောက် နည်းပါးခဲ့သည်ဟုလည်း သိရသည်။

နိုင်ငံခြားကုမ္ပဏီသစ်များ တိုးလာမှုတွင် တရုတ်ကုမ္ပဏီများသာ  အများဆုံးဖြစ်ပြီး အဆိုပါတရုတ်ကုမ္ပဏီများထဲတွင် အများစုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှတစ်ဆင့် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုတွင်းထွက် ကဏ္ဍများတွင်သာ မြှုပ်နှံခြင်းဖြစ်ကြောင်း  .  .  .

အစိုးရသစ်လက်ထက်တွင် တစ်နှစ်အတွင်း တရုတ်၊ ကိုရီးယား၊ ဗြိတိန်အပါအ၀င် နိုင်ငံအချို့မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၄၅ ဘီလျံကျော်သာ ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၄၅ ဘီလျံ၌ တရုတ်တစ်နိုင်ငံတည်းမှ အမေရိကန်ဒေါ်လာ ၄ ဒသ မ ၃၄၅ ဘီလျံကျော်ကို မြှုပ်နှံခဲ့ခြင်းဖြစ်၍ ယခုလက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်လက်ထက်တွင် တရုတ်တစ်နိုင်ငံတည်းမှပင် လာရောက်မြှုပ်နှံသည့် သဘောမျိုးဖြစ် နေကြောင်းလည်း သုံးသပ်ကြသည်။
''ထုတ်ပြန်ချက်တွေအရဆိုရင်တော့ နိုင်ငံခြားကုမ္ပဏီ ၃၀ ကျော် ၀င်လာတယ်။ နိုင်ငံခြားကုမ္ပဏီ ၃၀ ကျော်က အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၄၅ ဘီလျံကျော် မြှုပ်နှံတယ်။ ဒီအထဲမှာ တရုတ်တစ်နိုင်ငံတည်းက အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၄၅ ဘီလျံကျော် ၀င်လာတာဖြစ်လို့ တရုတ်တစ်နိုင်တည်း လာနေသလို ဖြစ်တယ်။ ပြီးတော့ လျှပ်စစ်စွမ်းအားကဏ္ဍတစ်ခုထဲမှာပဲ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၄၃ တိုးတယ်ဆိုတော့ တရုတ်က အဲဒီအထဲမှာပဲ သီးသန့်မြှုပ်နှံသွားတယ်ဆိုတာ ထင်ရှားတယ်။ ဒီတော့တိုးလာတဲ့ နိုင်ငံခြား ကုမ္ပဏီတွေထဲမှာလည်း တရုတ် က အများဆုံးဆိုတာ တွက်ပြစရာတောင် မလိုပါဘူး။ ဒါပေမယ့် တရုတ်က သီးသန့်မြှုပ်နှံတယ်ဆိုပေမယ့်လည်း ဥပမာ ကုန်ထုတ်လုပ်မှု စိုက်ပျိုးရေး ရေထွက်ကုန် ဟိုတယ်လိုလုပ်ငန်းတွေမှာ လာပြီးမြှုပ်နှံတယ်ဆိုရင် ပြောစရာမရှိပါဘူး''ဟု စီးပွားရေးပါမောက္ခ တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းက စင်ကာပူနိုင်ငံ မြှုပ်နှံမှုများထဲမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆ သန်း ပြန်လည်လျော့ကျသွားခဲ့ကြောင်းလည်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ (အမေရိကန်ဒေါ်လာ၊ ဘီလျံ)
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် မတ်လ ၃၁ ရက်ထိ - ၁၆ .၀၅ ဘီလျံ
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၃၁ ရက်ထိ - ၃၁ .၈၉၆ ဘီလျံ
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် အောက်တိုလ ၃၁ ရက်ထိ - ၃၁ .၉၅၈ ဘီလျံ
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်ထိ - ၃၁ .၉၅၈ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်ထိ - ၃၅ .၅၁၈ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်ထိ - ၃၆ .၀၅၄ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်ထိ - ၄၀ .၆၉၉ ဘီလျံ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးခြောက်နိုင်ငံ (အမေရိကန်ဒေါ်လာ၊ သန်း)
နိုင်ငံအမည် ပမာဏ
(၃၁-၃-၂၀၁၀)
ပမာဏ
(၃၁-၃-၂၀၁၁)
ပမာဏ
(၃၁-၃-၂၀၁၂)
၁။ တရုတ် ၁၈၄၈ .၅၆ ၉၆၀၃ .၁၆၈ ၁၃၉၄၈ .၈၉၆
၂။ ထိုင်း ၇၄၂၂ .၀၉၃ ၉၅၆၈ .၀၉၃ ၉၅၆၈ .၀၉၃
၃။ ဟောင်ကောင် ၅၁၀ .၂၁၈ ၆၃၀၈ .၄၉၅ ၆၃၀၈ .၄၉၅
၎။ ကိုရီးယား ၂၃၉ .၃၁၈ ၂၉၁၅ .၇၁၇ ၂၉၄၁ .၂၈၉
၅။ ဗြိတိန် ၁၈၆၀ .၉၅ ၂၆၅၉ .၉၅၄ ၂၇၅၉ .၇၈၅
၆။ စင်ကာပူ ၁၅၉၂ .၄၄၃ ၁၈၁၈ .၆၁၃ ၁၈၀၄ .၀၁၃

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သည့် ထိပ်ဆုံးကဏ္ဍ ၅ မျိုး ၂၀၁၀ မတ်လကုန် ရပ်တည်မှု
(အမေရိကန်ဒေါ်လာ-သန်း)
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးကဏ္ဍငါးမျိုး ၂၀၁၁ မတ်လကုန် ရပ်တည်မှု
(အမေရိကန်ဒေါ်လာ-သန်း)
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးကဏ္ဍငါးမျိုး ၂၀၁၂ မတ်လကုန်ရပ်တည်မှု
(အမေရိကန်ဒေါ်လာ-သန်း)
အမျိုးအစား ပမာဏ
(၃၁-၃-၂၀၁၀)
၁။ လျှပ်စစ်စွမ်းအား ၆၃၁၁ .၂၂
၂။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ၃၆၃၆ .၀၈
၃။ ကုန်ထုတ်လုပ်မှု ၁၆၆၂ .၁၂၆
၎။ သတ္တုတူးဖော်ရေး ၁၃၉၈ .၃၉
၅။ ဟိုတယ်နှင့် ခရီးသွားလာရေး ၁၀၆၄ .၈၁၁
အမျိုးအစား ပမာဏ
(၃၁-၃-၂၀၁၁)
၁။ လျှပ်စစ်စွမ်းအား ၁၄၅၂၉ .၇၄၂
၂။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ၁၃၈၁၅ .၃၇၅
၃။ ကုန်ထုတ်လုပ်မှု ၂၇၉၄ .၄၆၃
၎။ သတ္တုတူးဖော်ရေး ၁၇၂၈ .၄၄၇
၅။ ဟိုတယ်နှင့် ခရီးသွားလာရေး ၁၀၆၄ .၈၁၁
အမျိုးအစား ပမာဏ
(၃၁-၃-၂၀၁၂)
၁။ လျှပ်စစ်စွမ်းအား ၁၈၈၇၃ .၇၂၀
၂။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ၁၄၀၆၃ .၀၇၂
၃။ ကုန်ထုတ်လုပ်မှု ၂၈၁၄ .၃၆၀
၎။ သတ္တုတူးဖော်ရေး ၁၇၆၀ .၇၀၁
၅။ ဟိုတယ်နှင့် ခရီးသွားလာရေး ၁၀၆၄ .၈၁၁

အောင်မြင်သော တေးသီချင်းများ၏ နောက်ကွယ်က



e591
ကမ္ဘာကြီးဟာ ရွာတစ်ခုလို ဖြစ်လာပါပြီ။ အချိန်မရွေး သွားလာ ဆက်သွယ်နိုင်တဲ့အတွက် ဘယ်လောက် ဝေးကွာတဲ့ကမ္ဘာတစ်ခြမ်းပဲ ဖြစ်နေပါစေ၊ အချိန်မရွေး အွန်လိုင်းပေါ်မှာ တွေ့ဆုံနိုင်၊ စကားပြောနိုင်တဲ့ နည်းပညာရဲ့ခေတ်မီ တိုးတက်မှုတွေက ဘယ်လောက်ဝေးဝေး အနီးလေးဖြစ်စေလို့ လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့ ခေတ်မီတိုးတက်မှုတွေ အတွက်ပဲ အနီးဆုံးလူတွေဟာလည်း ရေခြားမြေခြား အဝေးဆုံးကို ထွက်ခွာနေကြရတာပါပဲ။
အခုနောက်ပိုင်းမှာ နိုင်ငံရပ် ခြားရောက်နေတဲ့ ချစ်သူကိုလွမ်းနေရတဲ့ ရေမြေခြားအလွမ်း အဖြစ်အပျက်တွေဟာ ပိုပြီးများလာပါတယ်။ ရေမြေခြား အလွမ်းအကြောင်း ရေး စပ်ထားတဲ့ သီချင်းတွေလည်း အများအပြား ပေါ်ထွက်လို့လာပါတယ်။ အဲဒီသီချင်းတွေထဲကမှ သီချင်းလေး တစ်ပုဒ်ကို ဒီတစ်ပတ်ရဲ့ တေးသီချင်း နောက်ကွယ်ကဏ္ဍမှာ တင်ဆက်ပေးချင်ပါတယ်။
“ညတွေနင်နဲ့တွေ့လို့ ပျော်နေမိတယ် VZO ထဲမှာ။ ငါတို့ နှစ် ယောက်ရဲ့ဆုံနိုင်ခွင့်က ဒီထက်မပိုခဲ့ပါ။ နင်ပြန်လာမယ့် နေ့ရက်တွေကို ရေတွက်လို့အမြဲ။ စာကျက်မရလည်း စိတ်ညစ်ပြီးတော့ နင်ထပ်မငိုနဲ့။ အွန်လိုင်းမှာ နင်မရှိတဲ့အခါ ဘယ်သူနဲ့မှ ငါမ chat ပါဘူး။ ငါတို့နှစ်ယောက် ကြားနာရီတွေက မိနစ် ၉၀ ခြားပါတယ်--- ငါ့အတွက် နင်မပူပါနဲ့။ နင်ကစင်ကာပူမှာပဲ။ ညတိုင်းငါ့မှာ နင့်ကြောင့်အိပ်မရ ရင်ပူတာ အမြဲ” အစရှိတဲ့ သီချင်းစာသားတွေနဲ့အတူ အွန်လိုင်းကတစ်ဆင့် တစ်မြေစီခြားနေပြီး ခံစားချက်ရှိတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့တဲ့ ‘စလုံးကချစ်သူ’ ဆိုတဲ့ သီချင်းလေးဖြစ်ပါတယ်။
Right Here Waiting For You သီချင်းနဲ့အတူ ပေါင်းစပ်ရေးဖွဲ့ထားတဲ့ ‘စလုံးက ချစ်သူ’ သီချင်းကို ရေးစပ်ပြီး သီဆိုသူကတော့ Nine One ဖြစ်ပြီး ဒီသီချင်းဟာ Nine One ရဲ့ ကိုယ်တွေ့ခံစားချက်ကို သီချင်းအဖြစ် ရေးစပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
“ ဒီသီချင်းကို ကျွန်တော်ရေးခဲ့တာ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ပါ။ အဲဒီအချိန်တုန်းက စင်ကာပူမှာ ရှိတဲ့ သူတစ်ယောက်အတွက် မွေးနေ့ လက်ဆောင်အဖြစ် ပေးဖို့ ရေးခဲ့တာပါ။ အွန်လိုင်းမှာပျံ့သွားပြီး ပရိသတ် ကကြိုက်ကြတဲ့အခါမှာ အရမ်းအံ့သြခဲ့ရတယ်”လို့ Nine One က ပြောပြခဲ့ပါတယ်။
အဲဒီလို ‘စလုံးကချစ်သူ’သီချင်း ဟာ အွန်လိုင်းမှာပျံ့သွားပြီး စင်ကာပူ အခြေစိုက် အွန်လိုင်းရေဒီယို အစီအစဉ်မှာ ၂၀၀၈-၂၀၀၉ ခုနှစ်ရဲ့တစ်ကမ္ဘာလုံးမှာရှိတဲ့ မြန်မာပရိသတ် တောင်းဆိုမှု အများဆုံးနံပါတ် ၁ ကို ရခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
“အဲဒီအချိန်တုန်းက ကျွန်တော်က အခွေလုပ်နေတဲ့အချိန်ပါ။ အခွေမထွက်ခင်ဘဲ ‘စလုံးက ချစ်သူ’ သီချင်းနဲ့ Nine One ဆိုပြီး ပရိသတ် သိသွားတဲ့အခါကျတော့ ပွဲဦး ထွက်ကောင်းတဲ့ သီချင်းတစ်ပုဒ်လို့ ပြောလို့ရပါတယ်။ ဒီသီချင်းကို ရှိုးပွဲတိုင်းလိုလိုမှာ ဆိုဖြစ်ပါတယ်။ မဆိုဖြစ်ရင်တောင် ပရိသတ်ကပြန် ပြန်တောင်းတာနဲ့ ဆိုပေးရတယ်။ ဒီသီချင်းက ပရိသတ်တိုင်းလိုလိုနဲ့ ကိုက်ညီခံစားလို့ ရတဲ့သီချင်းတစ်ပုဒ် မဟုတ်ပေမယ့် အားပေးမှုရတဲ့ အတွက်ဝမ်းသာရပါတယ်”လို့ သီချင်းနဲ့ပတ်သက်ပြီး Nine One က အမှတ်တရ ပြောပြခဲ့ပါတယ်။

သီလ၀ါ အထူးစီးပွားရေးဇုန် မြေနေရာတွင် လုပ်ငန်းဖော်ဆောင်ရန် မြေကွက် ၃၇ နေရာ လျာထားရာမှ မြေကွက် ၁၀ ကွက်သာ နေရာလွတ်ကျန်ရှိ

595
သီလ၀ါ အထူးစီးပွားဇုန် အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်
သီလ၀ါ အထူးစီးပွားရေးဇုန် မြေနေရာတွင် လုပ်ငန်းဖော်ဆောင်ရန် မြေကွက် ၃၇ နေရာလျာထားရာမှ မြေကွက် ၁၀ ကွက်သာ နေရာလွတ် ကျန်ရှိတော့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော သတင်း အချက်အလက်များအရ သိရသည်။
လက်ရှိတွင် သီလ၀ါအထူးစီးပွား ရေးဇုန်နေရာ၌ လုပ်ငန်းအဖွဲ့ ၁၈ ဖွဲ့မှ ကုန်သေတ္တာနှင့် အထွေထွေကုန်စည် တံတားအတွက် ဆောင်ရွက်ပြီး မြေကွက်ခြောက်ကွက်၊ ဆောင်ရွက်ဆဲ မြေကွက်လေးကွက်၊ သင်္ဘောဖျက် လွန်းကျင်းအတွက် မြေကွက်လေးကွက်၊ စက်သုံးဆီတင်ချတံတား အတွက် မြေကွက် ၁၁ကွက်၊ ကောက်ပဲ သီးနှံတံတားအတွက် မြေကွက်နှစ်ကွက် စုစုပေါင်းမြေကွက် ၂၇ နေရာအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သီလ၀ါအထူးစီးပွားရေးဇုန်တွင် လက်ရှိလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်း အဖွဲ့များမှာ MITT နှင့် MIPL အပြင် အေးရှားဝေါလ် ကုမ္ပဏီလီမိတက်၊ မက်စ်မြန်မာ ၀န်ဆောင်မှုလီမိတက်၊ ရွှေတောင် ကုမ္ပဏီလီမိတက်၊ ရွှေသံလွင် ဟိုင်းဝေး ကုမ္ပဏီလီမိတက်၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် စသည့် လုပ်ငန်းအဖွဲ့များ အပါအ၀င်လုပ်ငန်း အဖွဲ့၁၈ဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် ပို့ ဆောင်ရေး ၀န်ကြီးဌာနသည် လုပ်ငန်းအမျိုးအစား ပိုင်းခြားသတ်မှတ်နိုင်ရန် မြေအသေးစိတ် တိုင်းထွာခင်း၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယားနှင့် ဟောင်ကောင်တို့များမှ ရင်းနှီးမြှုပ်နှံရန် လာရောက်လေ့လာသူများအား လက်ခံတွေ့ဆုံ ဆွေးနွေးခြင်းများအား ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်။
သီလ၀ါဆိပ်ကမ်းဖွံ့ဖြိုးရေး အကြိုဖြစ်နိုင်ခြေ လေ့လာရေးကို UNDP အကူအညီဖြင့် ၁၉၉၂ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီး အလျားမီတာ ၂၀၀၊ ကုန်းတွင်းဘက် အလျားမီတာ ၇၅၀၊ အကျယ်အ၀န်း ၃၇ဧကရှိသော မြေကွက် ၁၇ကွက် လျာထားခဲ့သော်လည်း ၁၉၉၅ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု အခြေအနေအရ မြေကွက် ၃၇ ကွက်အထိ တိုးချဲ့လျာထားခဲ့သည်ဟု သိရသည်။ အဆိုပါ နေရာအတွက် မြေပိုင်ရှင်များအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ လျော်ကြေး ငွေကျပ် ၉၂ သိန်းကျော် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သီလ၀ါ အထူးစီးပွားရေးဇုန်ဆိုင်ရာ စီမံကိန်း အချက်အလက်အချို့
(၁)     ရန်ကုန်ဆိပ်ကမ်းမှ မြစ်ဝသို့ ၃၂ ကီလိုမီတာကွာဝေးပြီး၊ ရန်ကုန်ဆိပ်ကမ်းနှင့် မြစ်ဝအကြား ၁၆ ကီလို မီတာအကွာတွင် သီလ၀ါဆိပ်ကမ်းတည်ရှိ။
(၂)     ဆိပ်ကမ်းတွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောကြီးများ ၀င်ထွက် ဆိုက်ကပ်နိုင်သည့် အပြည်ပြည် ဆိုင်ရာ ဆိပ်ခံတံတား ခြောက်ခုရှိ။
(၃)     အဆင့်မြှင့်ရမည့် အခြေခံ အဆောက်အဦများ ဖြစ်သည့် လမ်းကွန်ရက်၊ ရေအရင်းအမြစ်နှင့် ဖြန့်ဖြူးရေးကွန်ရက်များ၊ လျှပ်စစ်ဓာတ်အားကွန်ရက်၊ ရေဆိုးစွန့်ပစ် စနစ်စသည်တို့ ပါဝင်သည့် ဧက ၅၀၀၀ ပါဝင်သည့် စီမံကိန်းဖြစ်။
(၄)     ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များပေါ် မူတည်ပြီး မြေနေရာများ ဆက်လက်ဖော်ထုတ် သွားရန်ရှိ။

ရန်ကုန်မြို့တွင်း တန်ပိုတင်ဆောင်နေသော ယာဉ်များကို မူလလမ်းပျက်စီးမှု လျော်ကြေးအပြင် စည်ပင်ဥပဒေဖြင့်ပါ ဒဏ်ငွေရိုက်ကာ အရေးယူမှုစတင်

594
ကုန်တင်ထားသော ယာဉ်တစ်စီးကို ဘုရင့်နောင်လမ်းဆုံ၌ တွေ့ရစဉ်
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ကုန်တင်ထားသည့် ယာဉ်များ၏ တန်ပိုတင်ဆောင်မှုအား ကန့်သတ်ထားပြီး သတ်မှတ်ထားသော နှုန်းထားများထက် ပိုမိုတင်ဆောင်ပါ က မူလလမ်းပျက်စီးမှုလျော်ကြေး အပြင် စည်ပင်ဥပဒေဖြင့်ပါ ဒဏ်ငွေတပ်ရိုက်ကာ အရေးယူမှုများစတင် ပြုလုပ်နေကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းမများပေါ် တွင် ပြေးဆွဲလျက်ရှိသော ကုန်တင်ထားသည့် ယာဉ်များအားလုံး ၀င်ရိုးအလိုက်သာ ကုန်တင်ရသည့် အာဆီယံ စံနှုန်းအတိုင်းသာ ကုန်တင်ဆောင် ရသည့်စနစ်ကို၂၀၁၂ခုနှစ် မတ်လ အတွင်းက စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်းလည်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ သိရှိရသည်။
“မေလ၂၅ရက်နေ့က ကျွန်တော့်ကားကို တန်ပိုရှိမရှိ မိုဘိုင်းကတ္တားနဲ့ အင်းစိန်ရွာမကွေ့နားက ဂျပန်လမ်း မှာ စစ်ဆေးခြင်းခံရပါတယ်။ ကျွန်တော့် ကားက ယာဉ်၊ကုန်အလေးချိန် ၅တန်ခွဲပဲရှိရမှာကို ၇တန်ခွဲရှိလို့ ဆိုပြီး လမ်းပျက်စီးမှုလျော်ကြေး ဆိုပြီး တစ်တန်ကိုကျပ် ၅၀၀၀နဲ့ နှစ်တန်အတွက် ကျပ် ၁၀၀၀၀ တပ်ရိုက်ပါတယ်။ ဒါ့အပြင် စည်ပင်ဥပဒေ ပုဒ်မ-၂၈အရ ဆိုပြီး တရားရုံးမှာ ဒဏ်ငွေကျပ်ငါးသောင်း ထပ်မံပေးဆောင် ခဲ့ရပါတယ်”ဟု ဘုရင့်နောင်မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ဝန်ပိုတင်ဆောင်ပါက သတ်မှတ်တန်အထက် တစ်တန်မှငါးတန်အထိ တစ်တန်လျှင်ကျပ် ၅၀၀၀ နှုန်း၊ ခြောက်တန်နှင့်အထက် တစ်တန်လျှင်ကျပ် ၁၀၀၀၀နှုန်း တန်ပိုကြေး ပေးဆောင်ရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

 Hi Mo ဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမားများအား ကရုဏာကြေး သုံးလစာနှင့် ငါးလစာထုတ်ယူ၍ လုပ်ငန်းခွင်မှ ထွက်ခွာနိုင်ကြောင်း ကြေညာ

Hi Mo ဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမားများအား လစာငွေ၏ သုံးလစာနှင့် ငါးလစာ ကရုဏာကြေးများ ထုတ်ယူ၍ လုပ်ငန်းခွင်မှ ထွက်ခွာနိုင်ကြောင်း စက်ရုံဝင်းအတွင်းနှင့် စက်ရုံရှိ အလုပ်သမား အဆောင်များတွင် စာရွက်များကပ်၍ ကြေညာခဲ့သည်ဟု Hi Mo ဆံပင်တုစက်ရုံ ဆန္ဒပြ အလုပ်သမားများ၏ ပြောကြားချက် အရ သိရှိရသည်။
“စာရွက်တွေကို ဒီနေ့မနက် စောစောမှာ စက်ရုံအတွင်းနဲ့ စက်ရုံ အဆောင်မှာ လာကြဲချသွားတယ်။ စာထဲမှာတော့ စက်ရုံက တစ်လစာပေးမယ့် လခနှုန်းထားကို ကပ်ထား တယ်။ သဘောမတူတဲ့သူတွေက လုပ်သက် သုံးနှစ်အောက်ကို လစာ ရဲ့သုံးလစာ၊ လုပ်သက် သုံးနှစ်နဲ့ အထက်ကို လစာရဲ့ငါးလစာ ကရုဏာ ကြေးထုတ်ပေးမယ်။ လျော်ကြေး မဟုတ်ပါဘူး။ ပြီးရင် အလုပ်ကထွက်နိုင်တယ်။ စက်ရုံကိုတော့ ပိတ်မယ် လို့မရေးထားဘူး။ ဒီအတိုင်းဖွင့်ထားမယ့် သဘောရှိတယ်”ဟု Hi Mo ဆံပင်တုစက်ရုံ အလုပ်သမား ကိုယ်စားလှယ်များက မေလ ၂၈ ရက်နေ့က ပြောကြားခဲ့သည်။
Hi Mo ဆံပင်တုစက်ရုံတွင် အလုပ်သမား ၁၉၅၀ ရှိပြီး ဆန္ဒပြအလုပ်သမား ၁၉၅၀ များမှ အဆိုပါ ကြေညာချက်ကို သဘောတူခြင်းမရှိကြောင်း၊သက်ဆိုင်ရာများသို့ စာတင်၍ ဆက်လက်ဆန္ဒပြ တောင်းဆို သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အလုပ်သမားအားလုံး သဘောမတူပါဘူး။ အလုပ်သမားဝန်ကြီးဌာနနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေရဲ့အကူအညီနဲ့ သက်ဆိုင်ရာကို ထပ်ပြီး စာတင်သွားပါမယ်။ အလုပ်သမားတွေကိုတော့ လုပ်ငန်းခွင်ပြင်ပ မှာနေပြီး ဒီအတိုင်း ဆန္ဒမပြခိုင်းတော့ဘူး။ ကလေးတွေ ပင်ပန်းတယ်။ လိုအပ်မှ အားလုံးစုကြပါမယ်” ဟု အလုပ်သမားကိုယ်စားလှယ်များမှ ထပ်မံပြောကြားခဲ့ပါ သည်။
Hi Mo ဆံပင်တုစက်ရုံသည် ကိုရီးယားလူမျိုးပိုင် စက်ရုံဖြစ်ပြီး မေ လ ၉ ရက်နေ့မှ စတင်ကာ အလုပ် သမားဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုမှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါ သုံးကြိမ်စလုံး အလုပ်ရှင်ဘက်မှ ချိုး ဖောက်ခဲ့ကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရ သိရှိရပါသည်။

 ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ် လိုသူများနှင့် ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်ရန် လျှောက်ထားမှုများအား သတ်မှတ်ချက်နှင့် ပြည့်စုံပါက အရေအတွက် အကန့်အသတ်မရှိ ခွင့်ပြု

ကိုယ်ပိုင်ကျောင်း တည်ထောင် ဖွင့်လှစ်လိုသူများနှင့် ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်ရန် လျှောက်ထားသူများအား သတ်မှတ်ချက်နှင့်ပြည့်စုံပါက အရေအတွက် အကန့်အသတ်မရှိ စိစစ်ကာ ခွင့်ပြုမည်ဖြစ်ကြောင်း အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ သတင်းရရှိပါသည်။
အဆိုပါကိုယ်ပိုင်ကျောင်းများ တည်ထောင်ဖွင့်လှစ်နိုင်ရန် အတွက် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄ ဖြင့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ ကိုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ ၂၀၁၂ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်နည်းဥပဒေ များကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ ယခု ၂၀၁၂-၁၃ ပညာသင် နှစ်မှစတင်၍ ကိုယ်ပိုင်ကျောင်းများ ကို တည်ထောင်ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်သဖြင့် လျှောက်ထားကြမည့်သူများ သည် ဇွန်လ ၁၂ ရက်နေ့နောက်ဆုံး ထားကာသက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

လျှောက်ထားလိုသူများ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာ ရေးမှူးရုံးများတွင် လျှောက်လွှာများ တောင်းယူပြီး အဆိုပါရုံးများသို့ အချိန်မီ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း  . . .
“ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်လိုသူတွေနဲ့ ကိုယ်ပိုင်ကျောင်း ဆရာအဖြစ် လုပ်ကိုင်လိုသူတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့ကိုက်ညီရင် အရေအတွက် အကန့်အသတ်မရှိ ခွင့်ပြုသွားမှာပါ”ဟု အမှတ် ၃ အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောပါသည်။
လျှောက်ထားလိုသူများအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးရုံးများတွင် လျှောက်လွှာများ တောင်းယူပြီး အဆိုပါရုံးများသို့အချိန်မီ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေ၌ ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်လိုသော ပုဂ္ဂိုလ်သည် တစ်ဦးတည်း တည်ထောင် ဖွင့်လှစ်လိုခြင်းဖြစ်ပါက ထိုအဖွဲ့အစည်း၏ အုပ်ချုပ်မှုအဖွဲ့ဝင် အားလုံးသည် မြန်မာနိုင်ငံသားများ ဖြစ်ရမည်ဖြစ်ပြီး ကိုယ်ပိုင်ကျောင်း ဆရာမှတ်ပုံတင်လက်မှတ်ရရှိရန် လျှောက်ထားရာ၌လည်း ပြည်တွင်း (သို့မဟုတ်) ပြည်ပတက္ကသိုလ်တစ်ခု ခုမှ ပါရဂူဘွဲ့(သို့မဟုတ်)ပညာရေး ဘွဲ့ရရှိသူ၊ ပြည်တွင်း(သို့မဟုတ်) ပြည်ပတက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီး ဆရာအတတ်ပညာဆိုင်ရာဒီပလိုမာ (သို့မဟုတ်)လက်မှတ်ရရှိသူ၊ ပြည်တွင်း (သို့မဟုတ်) ပြည်ပတက္ကသိုလ် တစ်ခုခုမှဘွဲ့ရရှိပြီး ဆရာအတတ်ပညာရက်တို သင်တန်းဆင်း လက်မှတ်ရရှိသူများ၊ အထက်ဖော်ပြပါလက်မှတ်များ မရှိသူများအနေဖြင့်လည်း ပြည် တွင်း(သို့မဟုတ်) ပြည်ပတက္ကသိုလ် တစ်ခုခုမှဘွဲ့ရရှိပြီး ဘာသာရပ်ဆိုင်ရာ သင်ကြားမှု အတွေ့အကြုံအနည်းဆုံး ငါးနှစ်ရှိပါကလည်း ကိုယ်ပိုင်ကျောင်း ဆရာအဖြစ် လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် stock exchange data center များ တည်ဆောက်ရန်နှင့် နည်းပညာလွှဲပြောင်းရန် ဂျပန် တိုကျိုစတော့အိပ်ချိန်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် stock exchange data center များ တည်ဆောက်ရန်နှင့် နည်း ပညာလွှဲပြောင်းသည့် ဂျပန်နိုင်ငံတိုကျိုစတော့ အိပ်ချိန်း၊ Diawai Institute of research Ltd နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို မေလ ၂၉ ရက်နေ့က နေပြည်တော်ရှိ အမရာဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
“အခုနားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးတာ အဓိကကတော့ stock exchange နဲ့ပတ်သက်တဲ့ data center  တွေ တည်ဆောက်ဖို့၊ ဂျပန်က နေလိုအပ်တဲ့ နည်းပညာတွေပေးဖို့ အတွက်ပါ။ သူတို့ဘက်က သတင်းမီဒီယာလေးခု ပါလာတယ်ဆိုတော့ ဒီ stock exchange လုပ်ငန်းတွေကို စိတ်ဝင်စားတယ် ဆိုတာပြသတာပါပဲ” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
အလားတူ တိုကျိုစတော့အိပ်ချိန်း၏ အကူအညီဖြင့် မြန်မာစတော့ အိပ်ချိန်းများဖြစ်သော ရန်ကုန်နှင့် မန္တလေးစတော့ အိပ်ချိန်းတို့ကို ၂၀၁၄ ခုနှစ်တွင် တည်ထောင်ရန် ပြင်ဆင်နေကြောင်းနှင့် မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် ဖြစ်ထွန်းရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် တိုကျိုစတော့အိပ်ချိန်း၊ Daiwa Insitute of Research တို့ အကြား ညှိနှိုင်းဆောင်ရွက်မှု ရှိနေကြောင်းလည်း သတင်း ရရှိသည်။
မြန်မာနိုင်ငံတွင် တည်ထောင်မည့် အရင်းအနှီးဈေးကွက်တွင် အစိုးရ နှင့် အစိုးရအဖွဲ့အစည်းများ၊ ကာလ ရှည်ချေးငွေများကို ဆောင်ရွက်ပေးမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ်များ အပါအ၀င်ဘဏ်များ၊ စည်ပင် သာယာရေး အဖွဲ့အစည်းများ၊ အများပိုင်ကုမ္ပဏီများ ပါဝင်ကြမည်ဖြစ်ပြီး ငွေချေးသက်သေခံ လက်မှတ်များ၊ ငွေချေးစာချုပ်များ၊ စတော့ရှယ်ယာများ၊ နိုင်ငံခြားငွေများနှင့် ငွေရေးကြေးရေးရရန်ပိုင်ခွင့်များ အပေါ် တာဝန်ခံမှု ကတိစာချုပ်များကို အရောင်းအ၀ယ်ပြုလုပ်ကြမည်ဖြစ်သည်။
ထို့အတူ ပြည်ပနိုင်ငံများမှ ကိုယ်စားလှယ်ဘဏ်များ ဖွင့်လှစ်ရန် ကမ်းလှမ်းထားမှုများ တိုးလာကြောင်း နှင့် အိမ်နီးနားချင်းနိုင်ငံများမှ ကိုယ်စားလှယ်များ ဖွင့်လှစ်ရန် စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်၊ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်၊ အတိုက်အခံခေါင်းဆောင် အဘ်ဟီးဆစ်တို့နှင့် တွေ့ဆုံမည်ဟု သိရ



ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ မေလ ၂၉ ရက်နေ့ ညပိုင်းက လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် World Economic Forum on East Asia 2012 တက်ရောက်ရန်အတွက် မေလ ၂၉ ရက် ဒေသစံတော်ချိန်ည ၉ နာရီ မိနစ် ၃၀ ခန့်အချိန်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့သည်။

သုဝဏ္ဏဘူမိလေဆိပ်သို့ TG306  လေယာဉ်ဖြင့် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ထိုင်းအထူးရဲအဖွဲ့မှ တာဝန်ယူပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် သုဝဏ္ဏဘူမိလေဆိပ်၏ သီးခြားအထူးဧည့်သည်များ ထွက်ခွာလေ့ရှိသောဂိတ်မှ မထွက်ခွာပဲ ဂိတ်အမှတ် (၁၀)မှ ထွက်ခွာခဲ့သည်။

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ ထိုင်းနိုင်ငံ ဒေသစံတော်ချိန် ည ၉နာရီ မိနစ် ၃၀ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်
ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့၌ နေထိုင်စဉ်ကာလအတွင်း  World Economic Forum on East Asia 2012 ကျင်းပပြုလုပ်နေသည့် ရှန်ဂရီလာဟိုတယ်၌ပင် ခေတ္တတည်းခိုမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ လိုက်ပါသတင်းရယူသူ Eleven Media Group ၏ အကြီး တန်းအယ်ဒီတာ ကိုနေထွန်းနိုင်၏ သတင်းပေးပို့ချက်အရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်၊ အတိုက်အခံခေါင်းဆောင် အဘ်ဟီးဆစ်တို့နှင့် တွေ့ဆုံမည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။

ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်နှင့်  အတိုက်အခံခေါင်းဆောင် အဘ်ဟီးဆစ်တို့သည် ပြီးခဲ့သည့်လများက ၎င်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို ထိုင်းနိုင်ငံတွင် မေလ ၃၀ ရက်နေ့မှ ဇွန် လ ၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့တွင် အဆိုပါဖိုရမ်၌ မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

ထိုင်းနိုင်ငံ ခရီးစဉ်ပြီးနောက် ဇွန်လတွင် ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနှင့် အိုင်ယာလန်နိုင်ငံများသို့ ခရီးထွက်ဦးမည်ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ၌ကျင်းပမည့် အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ညီလာခံတွင် မိန့်ခွန်းပြောမည် ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မယ်လ ဒုက္ခသည်စခန်းကိုလည်း သွားရောက်လေ့လာမည်ဟုလည်း သတင်းဖော်ပြချက်များအရ သိရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်သည် ၂၄ နှစ်အတွင်း သူမ၏ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်သည့်အတွက် နိုင်ငံတကာမီဒီယာများအနေဖြင့် အထူးစိတ်ဝင်စားနေသလို မြန်မာနိုင်ငံမှ မီဒီယာသမားများလည်း ထိုင်းနိုင်ငံသို့ လိုက်ပါသတင်းရယူ ကြမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ခရီးစဉ်ပြီးနောက် ဇွန်လတွင် ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနှင့် အိုင်ယာလန်နိုင်ငံများသို့ ခရီးထွက်ဦးမည်ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ၌ကျင်းပမည့် အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ညီလာခံတွင် မိန့်ခွန်းပြောမည် ဖြစ်သည်။ ထို့နောက် နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဇွန်လ ၁၆ ရက်နေ့၌ ၁၉၉၁ ခုနှစ်က သူရရှိခဲ့သည့် နိုဘယ် ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင် လက်ခံရယူပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံခရီးစဉ်အပြီး ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကာ ဗြိတိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ထို့နောက် အိုင်ယာလန်နိုင်ငံသို့ ဆက်လက်သွားရောက် မည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံသည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ဖူးသည့် နိုင်ငံဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် နာမကျန်းဖြစ်နေသော မိခင်ကြီးဒေါ်ခင်ကြည်အား ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် လူထုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်း ထူထောင်ကာ ဒီမိုကရေစီရရှိရေး ဦးဆောင်ကြိုးပမ်းခဲ့သည်။ အဆိုပါ အချိန်မှစ၍ လက်ရှိအချိန်အထိ ပြည်ပခရီးစဉ်များ ထွက်ခွာခြင်း မရှိခဲ့ပေ။